Sunday, September 18, 2016

လောက်ကိုင်မြို့ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း၏ နေအိမ် အာပီဂျီလက်နက်ဖြင့် ပစ်ခတ်ခံရပြီး နောက်တစ်နေ့တွင် မြို့အနီး တောင်ကြောတစ်ဝိုက်မှ ဒုံးသီး ၂၂ လုံး သိမ်းဆည်း ရမိ

လောက်ကိုင်မြို့အနီး တောင်ကြောတစ်ဝိုက်မှ သိမ်းဆည်းရမိသော ဒုံးသီးများကို တွေ့ရစဉ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့ မြောက်ဘက် မြို့အစွန်ရှိ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးပယ်စောက်ချိန်၏ နေအိမ်သို့ စက်တင်ဘာ ၁၅ ရက် ည ၉ နာရီခန့်က အာပီဂျီ လက်နက် ဒုံးသီး ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

၎င်းပေါက်ကွဲခံရမှုကြောင့် ဦးပယ်စောက်ချိန်၏ နေအိမ် အရှေ့မြောက်ဘက် ခေါင်မိုးစွန်း ပျက်စီးလျက်ရှိပြီး အနီးအနားတွင် တွေ့ရှိရသည့် သံထည် အစိတ်အပိုင်း ငါးခုအား စနခ(၃၄၄) မှ ခဲယမ်းကျွမ်းကျင် အရာရှိ၏ စစ်ဆေးချက်အရ MNDAA လက်နက်ကိုင်များ အသုံးပြုသည့် တရုတ်နိုင်ငံထုတ် HE ၄၀ မမ အာပီဂျီလက်နက် ဒုံးသီး ထိမှန် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဒုံးသီးထိမှန် ၀င်ရောက်သည့် လမ်းကြောင်းနှင့် ပတ်ဝန်းကျင်ရှိ သစ်ပင်များ၏ အမြင့်အရ ပစ်ခတ်သည့်နေရာမှာ ကုန်းစောင်းနေရာတစ်ဝိုက်မှ ဖြစ်နိုင်ကြောင်း ၎င်းတို့က သုံးသပ်ခဲ့သည်။

“လောက်ကိုင်မြို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန်ရဲ့ အိမ်အမိုးစွန်းကို ထိပြီး ပေါက်ကွဲပါတယ်။ မျက်နှာကြက်တွေ ပေါက်ကုန်တယ်။ အမိုးစွန်း အုတ်ကြွတ်ပြားတွေ ပေါက်ပြဲကုန်တယ်။ ပတ်ဝန်းကျင်က ပစ်တဲ့ဘက်က မီးအလင်းတန်းကြီး တစ်ခုကို တွေ့မိလိုက်တယ်။ တောင်ကြောပေါ်ကို ၁၆ ရက် မနက်ပိုင်းမှာ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တက်ရှင်းတော့ ကိုးလုံး တစ်နေရာ၊ ၁၃ လုံး တစ်နေရာ ဒုံးသီးတွေကို နှစ်နေရာခွဲ တွေ့ခဲ့တယ်။ ၀ိုင်ယာကြိုးတွေ ဆက်ထားတယ်။ Timer တပ်ထားတယ်။ ဗုံးသီးတွေရဲ့ အနေအထားကို ကြည့်တဲ့အခါ မြို့အနှံ့အပြားကို ချိန်ရွယ်ထားတာ တွေ့ရတယ်” ဟု ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဆိုသည်။

“ပေါက်ကွဲသံကြီး တစ်ခုတော့ ကြားမိတယ်။ တစ်မြို့လုံးကို တုန်သွားသလိုပဲ။ အရင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းအိမ်ကို ထိတယ်လို့တော့ ပြောတယ်။ ဘေးပတ်ဝန်းကျင်က အိမ်တွေက မှန်တွေလည်း ကွဲကုန်တယ်လို့ ကြားတယ်။ အဲဒီညက တရုတ်လမုန့်စားပွဲည ဖြစ်ပေမယ့် ပေါက်ကွဲသံကြားတော့ ဘယ်သူမှ အပြင်ကို မထွက်ရဲကြတော့ဘူး” ဟု လောက်ကိုင်မြို့တွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောကြားသည်။

စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မီးရောင် တွေ့ရှိခဲ့ရသည့် တောင်ကြောတစ်လျှောက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေရာ မြောက်ဘက်တောင်ကြောပေါ်၌ မသင်္ကာဖွယ်ရာ ဆာလာအိတ်များ တွေ့ရှိခဲ့သဖြင့် ဆက်လက် ရှင်းလင်းခဲ့ရာ တောင်ကြောတစ်ဝိုက်တွင် ၁၀၇ မမ ဒုံးသီး 107-63 HE-2 ပြောင်းပါ ၁၈ လုံး၊ ပြောင်းမပါ လေးလုံး စုစုပေါင်း ၂၂ လုံးအား သုံးလုံးတွဲ ခြောက်ခုနှင့် လေးလုံးတွဲ တစ်ခုတို့ကို လျှပ်စစ် ၀ိုင်ယာကြိုးများဖြင့် သွယ်တန်းထားပြီး ဒစ်ဂျစ်တယ် အချိန်ထိန်း ကိရိယာဖြင့် တပ်ဆင်ထားမှုအား ညနေ ၃ နာရီခွဲတွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။
Writer: 
ထွန်းနေလှိုင် (နောင်ပိန်)

No comments: