Sunday, September 25, 2016

တံခါးနှစ်ချပ်စလုံး ဖွင့်လိုက်ပါ


By

နီဟိန

မိတ်ဆွေအချို့နှင့် ၂၁​ ရာစုပင်လုံအကြောင်း ပြောဖြစ်ကြသည်။ ပင်လုံ ညီလာခံ နေရာချထားရေး အဆင်မပြေမှုတွေ ရှိသည်ကစလို့ ဦးသိန်းစိန်အစိုးရလက်ကျန်ပုဂ္ဂိုလ်များ၊ စစ်အစိုးရ၏အမာခံပုဂ္ဂိုလ်များကို ဒေါ်အောင်ဆန်းစုကြည်က အလွန်အကျွံ နေရာပေးနေကြောင်း၊ အမေစုအနေဖြင့် ယုံကြည်မှုမလွန်ကဲသင့်ကြောင်း၊ ယခုနေရာချထားမှုများမှစ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ အမည်ပျက်အောင် တမင်လုပ်ဆောင်မှုများရှိနိုင်ကြောင်း အမြင် အမျိုးမျိုး ပြောကြဆိုကြသည်။ လွတ်လပ်စွာပြောကြသည်မို့ ထောင့် အမျိုးမျိုးက တွေးစရာတွေ ပေါ်လာသည်။ ဒေါ်အောင်ဆန်းစုကြည် လူရွေးချယ်ပုံနှင့် ပတ်သက်၍ အချို့က အပြင်းအထန် ဆန့်ကျင်သည်။ အထူးသဖြင့် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့လို ပုဂ္ဂိုလ်မျိုးကို အရေးကြီးသည့် ကိစ္စရပ်များတွင် တာဝန်ပေးထားသည်ကို စိုးရိမ်မကင်းဖြစ်ကြသည်။ လူရှားသလားဗျာဟု မချိတင်ကဲ အသံထွက်သည်။ ကျွန်တော်ကတော့ မျက်ကန်းမျိုးချစ်ဟုပဲ ဆိုဆို ဒေါ်အောင်ဆန်းစုကြည်၏ရွေးချယ်မှုကို သဘောကျသည်။ အတိုက်အခံပါတီမှ ပုဂ္ဂိုလ်မျိုးကိုပင် လိုအပ်လျှင် ရာထူးဌာနန္တရ ကြီးကြီးပေး၍ တာဝန်ထမ်းဆောင်စေသည့်သဘောထားကြီးမားမှုမျိုးက အောင်မြင်မှုအတွက် ယုံမှားစရာမလိုဟုပင်ထင်သည်။ ဗိုလ်ချုပ်အောင်ဆန်း  နိုင်ငံရေး အာဏာရစဉ်ကလည်းသူနှင့်အတိုက်အခံပုဂ္ဂိုလ်များ၊ အင်္ဂလိပ်အစိုးရလက်အောက်တွင် လုပ်ကိုင်ခဲ့ဖူးသည့် အရာရှိကြီးများကို အသုံးပြုခဲ့ဖူးသည်ဟု ပြောလိုက်မိသည်။ တစ်ဆက်တည်း သူတို့တွေက အမတ်ဒိန်တွေ မဖြစ်နိုင်ဘူးလားဟုလည်း စကားကြောင်းမိသည်။

ဆရာကြီး နိုင်ပန်းလှ၏ ရာဇာဓိရာဇ်အရေးတော်ပုံထဲက အမတ်ဒိန်အကြောင်းက စိတ်ဝင်စားစရာကောင်းသည်။ အမတ်ဒိန်နှင့်ပတ်သက်သည့် ဇာတ်ကွက်အတော်များများကို ကျွန်တော်စွဲနေမိသည်။ အဲဒီထဲက နာမည်ကျော်ဇာတ်ကွက်က တံခါးဖွင့်သည့် ဇာတ်ကွက်။ ပဲခူးဟံသာဝတီမှာဗညားနွဲ့၏ဖခင် ဆင်ဖြူရှင်ဗညားဦးမင်း နတ်ရွာစံသည်။ ဗညားနွဲ့မင်းသားလည်း ဖခင်နတ် ရွာစံပြီကြားသည်နှင့် ပဲခူးသို့ချီသည်။ ထိုအချိန်တွင် ပဲခူးဟံသာဝတီနန်းတော်တွင် တာဝန်ကျနေသည်က သံလျင်မြို့စား အမတ်ဒိန်။ ဗညားနွဲ့သည် နံနက်မိုးသောက်လျှင် ဘုရားတွင် အောင်မြေနင်းပြီး ဆီမီး၊ ပန်းပေါက် ပေါက်၊ ကွမ်းဆေးလက်ဖက်တို့ ဖြင့် ဘုရားကို ပူဇော်ပြီးလျှင် မှူး မတ်သေနာပတိများ ခြံရံလျက် ပဲခူးမြို့တွင်းသို့ မောတရုတ်တံခါး မှ ဆင်စီး၍ ဝင်သည်။ တံခါးတွင် စောင့်နေသော အမတ်ဒိန်သည် ပုဆစ်တုပ်၍ ဦးခိုက်၏။ တံခါးကို နှစ်ဖက်မဖွင့်ဘဲ တံခါးရွက်တစ် ရွက်ကိုသာ ဖွင့်၏။ အမတ်ဒိန် ဦးခိုက်ပြီးလျှင် ဗညားနွဲ့၏ဆင် တော်ရှေ့မှ လျှောက်၍ အတွင်းသို့ ခေါ်ဆောင်၏ တဲ့။ ဒါက ဗညားနွဲ့အပေါ် အမတ်ဒိန်လုပ်လိုက်သည့် အပြုအမူဖြစ်သည်။ ဗညားနွဲ့က အမတ်ဒိန်အပေါ် မျက်သွားသည်။သူ့လို ထီးဆောင်းမင်းလောင်းလျာကို ဂါရဝမဲ့ ပြုသည်ဟု ထင်သည်။

နောက်တော့ ဗညားနွဲ့က ရာဇာဓိရာဇ်ဘွဲ့ခံကာ နန်းတက် သည်။ နန်းတက်ပွဲပြီး၍ ပထမဆုံး ညီလာခံတွင် ‘‘ငါ၏စက္ခုနှစ်ဖက် မျက်စိနှစ်လုံးတွင် ငြောင့်စူးဝင်ခဲ့  သည်မှာ တစ်ဖက်က ထွက်သွားပြီ။ကျန်တစ်ဖက်တွင် မထွက်သေး’’ဟု မိန့်သည်။ ထိုအချိန်တွင် ရာဇာဓိရာဇ် သူ့ကို ရည်ညွှန်းမှန်း အမတ်ဒိန်သိသည်။ ပုဆစ်တုပ်လျက်ကပင် ရာဇာဓိရာဇ်ကိုလျှောက်သည်။

‘‘ရွှေနန်းရှင်မိန့်သည်ကား တစ်ပါးသူမဟုတ်။ ကျွန်ုပ်အား ဆိုလိုခြင်းဖြစ်ကြောင်း ကျွန်ုပ်သိ ပါသည်။ အရှင်မင်းသားသည် ဒဂုံ၌ရှိစဉ် အခြားမှူးမတ်တွေက ကိုယ်စားလှယ်များလွှတ်ကြသည်။ စာအားဖြင့် အကြံအစည်များကိုလည်းကောင်း၊ အကြောင်းအရာများကိုလည်းကောင်း မပြတ်ပင် ပို့ကြသည်။ ကျွန်ုပ်မူကား အရှင်သားတော်နှင့် ဆက်သွယ်မှုမပြုခဲ့သည် ကလည်း တစ်ချက်။ အခြားတစ်ချက်ကား အရှင့်သားတော်သည် ပဲခူးမြို့သို့ ဝင်တော်မူစဉ်က ကျွန်ုပ်သည် မြို့တံခါးတစ်ချပ်ကိုသာ ဖွင့်ပေးခဲ့သည်။ ယင်းသို့ဖြစ်သော ကြောင့် ကျွန်ုပ်ကို မျက်၍ မျက်စိတစ်ဖက်တွင် ငြောင့်မထွက်သေးဟု အရှင်မင်းကြီးမိန့်ကြားတော်မူကြောင်းကို ကျွန်ုပ်သိပါသည်’’ဟု လျှောက်လျှင် ရာဇာဓိရာဇ်က ‘‘အမတ်ဒိန် နင့်အပြစ်သည်မျှရှိသည်ကို နင်သိပြီးဖြစ်၍ မည်သို့ နင့်အားစီရင်ရ မည်နည်း’’ ငါ့အား မြို့တွင်းသို့ နင်ဝင်ခွင့်မပေးလို့ ငါ့မှာဗိုလ်ခြေအင်အားများ၍သာ နင်ကတံခါး တစ်ဖက်ဖွင့်ပေးခဲ့သည်။ ငါ ဗိုလ် ပါ နည်းခဲ့မူကား တံခါးကို တစ်ချပ်မျှ နင်ဖွင့်ပေးမည်မဟုတ်။ နင့်အ ပြစ်နှင့် မရူးအပြစ် အတူတူဟု ဒေါသနှင့်မိန့်၏။ အမတ်ဒိန်လည်း သုံးကြိမ်မျှ ဦးခိုက်၍ လျှောက်ပြန် ၏။

‘‘ကျွန်ုပ်၏အပြစ်နှစ်ရပ်အ တွက် သတ်လျှင် သေရပါမည်။ ချမ်းသာပေးက ရှင်ရမည်ပင်။ စင်

စစ်သော်ကား ကျွန်ုပ်သည် ခမည်းတော်ဆင်ဖြူရှင်၏သစ္စာခံ ရွှေဖ ဝါးတော်အောက်က ကျွန်ကြီးဖြစ် ပေသည်။ ဆင်ဖြူရှင်၏ရန်သူဖြစ် ပါက မည်သူ့ကိုမဆို ကျွန်ုပ်အ သက်ပေး၍ တိုက်ခိုက်မည်ဟု သစ္စာဆိုထားသည်။ အရှင့်သား တော်သည် ဒဂုံ၌ ခြားနားစဉ် ဆင် ဖြူရှင်၏အမိန့်မရှိ၍ မင်းသားနှင့် ကျွန်ုပ် ဆက်သွယ်ခြင်းမရှိပါ။ အ ရှင့်သားတော်သည် ပဲခူးမြို့တွင်း သို့ ဝင်တော်မူစဉ်က ကျွန်ုပ်၏သ ခင် ဆင်ဖြူရှင်ဗညားဦးသာလျှင် ရာဇပလ္လင်ထက်၌ ပကတိရှိခဲ့မူ ကား အရှင့်သားကို ကျွန်ုပ်ဝင်ခွင့် ပြုမည်မဟုတ်ဘဲ အသက်ပေး လျက် ခံတိုက်မည်ပင်။ သို့သော် ဆင်ဖြူရှင်၏နာမ်သည် ရုပ်ကိုခွာခဲ့ပြီဖြစ်၍ ဆင်ဖြူရှင် ရုပ်အ လောင်းကို စောင့်ရှောက်သော အားဖြင့် တံခါးရွက်တစ်ရွက်ကို သာ ဖွင့်ပေးခြင်းဖြစ်ပါသည်။ ဆင်ဖြူရှင်၏နာမ်နှင့်ရုပ် နှစ်ပါးစလုံး မရှိခဲ့သော် မင်းသားအား တံခါး နှစ်ရွက်စလုံးကို ဖွင့်ပေးခဲ့ပေမည်။ယခုအရှင်မင်းသားသည် မင်းဖြစ် ၍ ကျွန်ုပ်တို့၏အသက်သခင်ဖြစ် ပြီ။ သခင်၏သစ္စာတော်ကို ခံထားသည်။ အကယ်၍ ရန်သူတစ်ပါး က အရှင့်သားတော်ကို ပုန်စားခဲ့ သည်ရှိသော် ကျွန်ုပ်သည် ထိုသူပုန်ဘက် ဝင်စားကာ အရှင်မင်း သားကို မစောင့်ရှောက်ပါက ကျမ်းရွက်ထားသော ကျွန်ုပ်၏သစ္စာ မပျက်ချေသလော။ အပါယ်နန်းကို မစံရသလော။ ကျွန်ုပ်သည် အရှင်သခင်၏သစ္စာတော်ကို မတိမ်းမစောင်း မသွေဖည်စေဘဲ ဖြောင့်မတ်မှန်ကန်စွာ စောင့်ခဲ့သည့်ကျွန်ကောင်းဖြစ်သဖြင့် အမတ် ဒိန်ဟူသော ဘွဲ့အမည်ဖြင့် သန်လျင်မြို့ကို စားစေခဲ့သည် မဟုတ်လော။ ယခု အရှင့်သားတော် မင်းဖြစ်ပြန်လျှင်လည်း ကျွန်ုပ်သည် ဆင်ဖြူရှင်ခမည်းတော်အား  သစ္စာစောင့်ခဲ့သလိုအရှင့်သားတော်ကိုလည်းမပြတ် စောင့်ရှောက်ရပေမည်။ အကယ်၍ ရန်သူတစ်ပါးက အရှင့်သားတော်အား ပုန်စားခဲ့သော် ကျွန်ုပ်သည် အသက်ပေး၍ နိုင်အောင် တိုက်ခိုက်ပါမည်။ ကျွန်ုပ်သည် သူပုန်ဘက်သို့ ဝင်စားရန်ကား နတ္ထိမရှိ။ ကျွန်ုပ်သည် ထီးဖြူဆောင်းမင်းကိုသာ သစ္စာခံ၍ ခစားမည်။ ထီးဖြူမဆောင်းသောမင်း ကို ဘယ်တာ့မှ မခစားပါ’’။

အမတ်ဒိန်၏ခံယူချက်မှန်၊ မမှန်ကို ဆွေးနွေးငြင်းခုံလိုခြင်း မရှိပေ။ အမတ်ဒိန်ကဲ့သို့ ထီးဆောင်း မင်းအပေါ် တာဝန်ကျေပွန်သော ပုဂ္ဂိုလ်တို့ရှိသည်ဆိုသည်ကိုသာ ပြောလိုရင်းဖြစ်သည်။ ထီးဆောင်းမင်းက ဘယ်လိုလူမျိုးလဲ သူမ ကြည့်။ ဓမ္မ အဓမ္မ ခွဲခြားမနေ။ ရာဇာဓိရာဇ်၏ လက်အောက်တွင် လည်း အမတ်ဒိန်သည် သစ္စာရှိ မှူးမတ်တစ်ဦးအဖြစ် တာဝန်ကျေ ပွန်စွာ ထမ်းရွက်ခဲ့သည်။ အမတ်ဒိန်လိုလူမျိုးဆိုလျှင် တိုင်းပြည် အတွက် အန္တရာယ်မရှိနိုင်ဟု ထင် ကြောင်း ကျွန်တော်ကပြောတော့ သူတို့က ပြန်လည်ငြင်းခုံကြသည်။ အမတ်ဒိန်ခေတ်က ပြဿနာမရှိ။ ဘုရင်တစ်ပါးသေလျှင် နောက် ဘုရင် တစ်ပါးထံမှာ သစ္စာခံသည်က သဘာဝကျသည်။ ခုခေတ်က ဒီမိုကရေစီခေတ်၊ ပါတီစုံခေတ်။ ဒီပါတီနာမည်ပျက်မှ သူတို့သစ္စာခံခဲ့သော ပါတီနာမည်ပြန်တက် လာမည်ဆိုသည့် အခြေအနေမျိုး တွင် အမတ်ဒိန်ကဲ့သို့ ယုံကြည်ရပါမည်လောဟု မေးစရာရှိလာ သည်။

 ဒီလိုပုဂ္ဂိုလ်မျိုးတွေကို နေရာပေးလိုက်၍ ကိုယ်နှင့်လက်တွဲ မဖြုတ်စတမ်း တိုက်ပွဲဝင်သူတို့ ပါ အယုံအကြည် ကင်းမဲ့လာနိုင် သည်ဆိုသည့် ဆိုးကျိုးကို ရလာလိမ့်မည်ဟု တွေးထင်ကြောင်း သူတို့က ပြောသည်။  ခေါင်းမာ သည်ပဲပြောပြော လှေနံဓားထစ် ဟုပဲ ဆိုဆို ကျွန်တော်ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာအခြေပြု နိုင်ငံတော် တည်ဆောက်ရေးလမ်းစဉ်က အခြားဘက်တော်သားများ ကို တံခါးနှစ်ချပ်ဖွင့်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု တထစ်ချ ယုံကြည်နေပါသည်။ ။

No comments: