ရန်ကုန်၊ စက်တင်ဘာ ၂၄
တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် စက်တင်ဘာလ ၂၂ ရက် ည ၇ နာရီခွဲက အသက် ၂၅ နှစ်အရွယ် အငှားယာဉ်မောင်းတစ်ဦး လည်ပင်းကို ခရီးသည်အဖြစ် ဟန်ဆောင်ထားသူက ဓားနှင့် ဆွဲလှီးခဲ့ကြောင်း တာမွေမြို့မ ရဲစခန်ထံမှ သိရှိရသည်။
လည်ပင်းကို ဓားနဲ့ ဆွဲလှီးခံရသော ယာဉ်မောင်းမှာ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော (၁) လမ်းတွင် နေထိုင်သူဖြစ်ပြီး ဓားထိုးဒဏ်ရာများဖြင့် သတိလစ်နေသည်ကို ပတ်ဝန်းကျင်နေသူများက စတင်မြင်တွေ့ခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရှိတစ်ဦးက ပြောကြားသည်။
“လူတစ်ယောက် ဒဏ်ရာတွေနဲ့ သတိလစ်နေကြောင်း ၁၉၉ ကို ဖုန်းဆက်ပြောခဲ့တယ်၊ ဓားထိုးခံရသူကို ရန်ကုန်ဆေးရုံကြီး တင်ပို့ထားပြီး ပြစ်မှုကျူးလွန်သူက နောက်ကနေပြီး ယာဉ်မောင်း လည်ပင်းကို ဓားနဲ့ ဆွဲလှီးလိုက်ပုံ ရတယ်၊ ပြီးတော့ လက်မှာပါ ဓားခုတ်ရာတွေ တွေ့ခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဓားဖြင့် ထိုးခံရသည့်အတွက် အငှားယာဉ်မောင်းမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဘယ်လက်၊ လက်ဖဝါးတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူရန် တာမွေမြို့မ ရဲစခန်းက (ပ) ၇ဝ၉/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရှိရသည်။
No comments:
Post a Comment