Sunday, September 4, 2016

ပုဂံဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည် ပြုပြင်ရန် ကမ္ဘာတစ်ဝန်း ကမ်းလှမ်းမှု ရှိဟုဆို



ညောင်ဦး၊ စက်တင်ဘာ ၎


ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ငလျင်ဒဏ်သင့်ဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည် ပြုပြင် ထိန်းသိမ်းနိုင်ရန် ကမ္ဘာတစ်ဝန်း ကမ်းလှမ်းမှု ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရှိရသည်။


“တစ်ကမ္ဘာလုံး လိုလိုကနေပြီးတော့မှ နည်းပညာ အကူအညီ ပေးဖို့၊ ငွေကြေး အကူအညီ ပေးဖို့၊ သူတို့ အော်ဖာလုပ်တာတွေ ရှိနေပါတယ်။ ကမ်းလှမ်းပါတယ်။ အိန္ဒိယနိုင်ငံကလည်း ကမ်းလှမ်းပါတယ်။ တရုတ်နိုင်ငံကလည်း ကမ်းလှမ်းပါတယ်။ ကိုရီးယား၊ ဂျပန်ကလည်း ကမ်းလှမ်းပါတယ်။ အာဆီယံ နိုင်ငံတွေကလည်း ကမ်းလှမ်းပါတယ်။ ဥရောပလည်း ကမ်းလှမ်းပါတယ်။ ဒါတွေကို စိစစ် လက်ခံသွားမှာပါ”ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။



ဘုရား၊ စေတီ၊ ပုထိုးများ ထိခိုက်မှု အတိုင်းအတာ သိရှိရန် ပြည်တွင်း၊ ပြည်ပ ပညာရှင်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်မျှ ထိခိုက်ကြောင်း သိရှိပြီးမှသာ ယူနက်စကို အပါအဝင် ကူညီပေးမည့် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့် ပညာရှင်များဖြင့် Master Plan ရေးဆွဲကာ အပိုင်းလိုက်၊ အဆင့်လိုက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


“အချိန် မလုပါဘူး။ နောင်နှစ်ပေါင်း တစ်ထောင်၊ နှစ်ထောင်မက ခံအောင်လို့ အချိန်ယူပြီး လုပ်သွားမှာ ဖြစ်ပါတယ်”ဟု သူရဦးအောင်ကိုက ပြောသည်။


ပျက်စီးခဲ့သည့် စေတီပုထိုးများ ရှင်းလင်းခြင်းကို အောက်တိုဘာလအပြီး ပြုလုပ်သွားမည်ဖြစ်ပြီး အုတ်ကျိုးများ၊ အပျက်များကို အရင်ဆုံး ဖယ်ရှားရမည် ဖြစ်ကြောင်း၊ ယင်းတို့ကို အနီးဝန်းကျင်တွင်ပင် ထားရှိကာ စနစ်တကျ ထိန်းသိမ်းမည်ဖြစ်ပြီး လိုအပ်ပါက ဝမ်းစာအဖြစ် ထည့်သွင်း ဌာပနာ သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။


အိန္ဒိယနိုင်ငံသည် နံရံကပ် ဆေးပန်းချီများတွင် ကျွမ်းကျင်သဖြင့် ယင်းအတွက် အကူအညီ တောင်းမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံကိုလည်း ထုထည် ကြီးမားသည့် ပုထိုးတော်ကြီးများ၏ structure ပိုင်း ထိန်းသိမ်းခြင်းအတွက် အကူအညီ တောင်းမည်ဖြစ်ကြောင်း၊ ယင်းကို တရုတ် သံအမတ်နှင့် ပြောဆိုပြီးဖြစ်ကာ တရုတ် အစိုးရကလည်း သဘောတူညီထားကြောင်း၊ အခြား အနုစိတ် ကိစ္စများအတွက် ဥရောပနိုင်ငံများ၊ ဂျပန်၊ ကိုရီးယား နိုင်ငံများထံမှ အကူအညီ ရယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထပ်မံ သိရှိရသည်။



မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: