ဓာတ်ပုံ - ပိုးရွှီပြင်မဟာမိတ်လူမှုရေးအသင်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာ၌ တစ်သောင်းတန် ငွေစက္ကူအတုများဖြင့် ဈေးဝယ်သူ အမျိုးသား လေးဦးကို စက်တင်ဘာ ၁၉ရက်က ဖမ်းမိကြောင်း ဒေသခံများနှင့် နယ်မြေရဲစခန်းထံမှ သိရသည်။
အဆိုပါအမျိုးသား လေးဦးသည် စက်တင်ဘာ ၁၈ရက်နှင့် ၁၉ရက်တို့တွင် ပိုးရွှီပြင်ကျေးရွာနှင့် ဂန့်ဂါကျေးရွာများတွင် ငွေစက္ကူအတုများဖြင့် ဈေးဝယ်ခဲ့ပြီး ဈေးဆိုင်များက ငွေအတုဟု သိရှိချိန်တွင် သက်ဆိုင်ရာသို့အကြောင်းကြားရာ ရဲနှင့် တပ်မတော်သားများက လိုက်လံဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပစ္စည်းများ ဝယ်ပြီး ပိုးရွှီပြင်ကျေးရွာမှ စက်လှေဖြင့် ထွက်ခွာသွားချိန်မှ ယင်းကိစ္စကို သိရသဖြင့် စက်လှေဖြင့် လိုက်လံဖမ်းဆီးခဲ့ရကြောင်း ပိုးရွှီပြင်ကျေးရွာရှိ နယ်မြေရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။ယင်းသို့ဖမ်းမိချိန်တွင် အဆိုပါအမျိုးသား လေးဦးထံမှ တစ်သောင်းတန် ငွေစက္ကူအတု ၂၀၀ နှင့် ဈေးဆိုင်များတွင် ဝယ်ယူခဲ့သည့် တစ်သောင်းတန်ငွေစက္ကူအတု ၆၈ ရွက် စုစုပေါင်း ၂၆၈ ရွက် (ကျပ် ၂၇ သိန်းနီးပါး) သိမ်းဆည်းရမိကြောင်း ၎င်းက ဆိုသည်။
“အဲဒီငွေစက္ကူအတုတွေက ပြည်မ(ရန်ကုန်)က သူတို့ရဲ့ အဆက်အသွယ်တွေဆီက နေတစ်ဆင့်ရတယ်လို့ ပြောပါတယ်။အသေးစိတ်က စစ်ဆေးတုန်းပဲ ရှိသေးတယ်” ဟု ၎င်းက ရှင်းပြသည်။
ယင်းအပြင် ငွေစက္ကူအစစ် ကျပ် ၁၀ သိန်းကျော်လည်း အဆိုပါအမျိုးသားများထံမှ တွေ့ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါအမျိုးသားလေးဦးသည် ပိုးရွှီပြင်ကျေးရွာရှိ ဈေးဆိုင်အားလုံးနီးပါးတွင် ငွေစက္ကူအတုများဖြင့် ဝယ်ယူခဲ့ကြောင်း၊ ငွေစက္ကူ အတုဟု သိချိန်တွင် အဆိုပါအမျိုးသားများကို လိုက်လံရှာဖွေရာ
စက်လှေဖြင့် ထွက်ခွာသွားပြီဖြစ်၍သက်ဆိုင်ရာကို အကြောင်းကြားကာ လိုက်လံဖမ်းဆီးခဲ့ရကြောင်း အလိမ်ခံရသည့် ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
“ဆေးလိပ်ဘူးဝယ်တာကအစ တစ်သောင်းတန်နဲ့ပဲ ဝယ်တယ်” ဟု ၎င်းက ဆိုသည်။
ငွေစက္ကူအတုဖြင့် ဈေးဝယ်သူလေးဦးကို ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ထိန်းသိမ်းထားပြီး ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်လှစ်အရေးယူနေကြောင်း ပိုးရွှီပြင်ကျေးရွာရှိ နယ်မြေရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။
အဆိုပါ အမျိုးသားလေးဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်တွင် နေထိုင်သူများဖြစ်သည်။
No comments:
Post a Comment