ရန်ကုန် ၊ စက်တင်ဘာ ၂၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ယင်းကို မြန်မာ့ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာနထံမှ သတင်းရရှိသည်။
(၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဒုတိယနေ့ဖြစ်သည့် စက်တင်ဘာ (၂၁)ရက်တွင် ကျင်းပသည့် အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းတစ်ရပ်ကို ပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိန့်ခွန်းပြောကြားမှုကို ရိုက်တာသတင်းအေဂျင်စီမှ တိုက်ရိုက်ထုတ်လွှင့်မှုအား ဆက်သွယ်ရယူပြီး ယင်းနေ့ မြန်မာစံတော်ချိန် ခန့်မှန်း ည ၁၀ နာရီ ၄၅ မိနစ်တွင် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သမ္မတရုံးမှ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
ကမ္ဘာ့နိုင်ငံ (၁၉၃)နိုင်ငံ စုပေါင်းပါဝင်သည့် ကုလသမဂ္ဂအဖွဲ့ကြီး၏ နှစ်ပတ်လည် အထွေထွေ ညီလာခံများကို နှစ်စဉ်ကျင်းပလျက်ရှိရာ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို ကုလသမဂ္ဂ ဌာနချုပ်တည်ရှိရာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာ(၂၀)ရက်မှ စက်တင်ဘာ (၂၆)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံကို နှစ်စဉ်နိုင်ငံ အကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲများ တက်ရောက်ပြီး မိမိတို့နိုင်ငံအလိုက် အထွေထွေ မူဝါဒရေးရာများနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် သဘောထားအမြင်များကို တင်ပြ ဆွေးနွေးကြကြောင်း သိရသည်။
ယခုနှစ်ကျင်းပမည့် အထွေထွေညီလာခံ၏ ဆောင်ပုဒ်မှာ ကျွန်ုပ်တို့ကမ္ဘာကြီး ပြုပြင်ပြောင်း လဲရေးအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များဖြင့် တွန်းအားပေး ဆောင်ရွက်ကြပါစို့ဟူ၍ ဖြစ်ပြီး သဘာပတိဖြစ်သူ ဖီဂျီနိုင်ငံမှ မစ္စတာပီတာသွန်မဆင်းက အဆိုပြုထားခြင်းဖြစ်ကြောင်း သမ္မတရုံးထံမှ သိရသည်။
No comments:
Post a Comment