Tuesday, September 20, 2016

ကင်မွန်းစခန်း၌ ဆိုင်းဘုတ်ထောင်ရာမှ လူငါးဦး ဓာတ်လိုက်၊ နှစ်ဦး သေဆုံး


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းစခန်း စားသောက်ဆိုင်တန်းအနီး စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်က ဆိုင်းဘုတ်ထောင်စဉ် လုပ်သားငါးဦး ဓာတ်လိုက်ခဲ့ပြီး နှစ်ဦး သေဆုံးသွားကြောင်း ကျိုက်ထိုမြို့နယ် ကော့စံနိုင်ရပ်ကွက် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဟန်ဝင်းမြတ်က ပြောကြားသည်။

“သေဆုံးသွားတဲ့ အမျိုးသားနှစ်ဦးမှာ တစ်ဦးက ကျွန်တော်တို့ အသင်းကပါ။ စားသောက်ဆိုင် တစ်ဆိုင်က ဆိုင်းဘုတ်ကို အခင်းဖြစ်တဲ့နေ့က အမျိုးသားငါးဦး ဝိုင်းထောင်နေချိန် ကျွန်တော်တို့ဆီက ညီညီနဲ့ အမျိုးသားတစ်ဦး ဓာတ်လိုက်လဲကျသွားတာပါ။ ဆေးရုံကို အမြန်ဆုံး တင်ပို့ပေမယ့် အသက်မမီတော့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သေဆုံးသူများမှာ ကျိုက်ထိုမြို့နေ အသက်၂၂ နှစ်အရွယ် ဦးညီညီဆိုသူနှင့် အသက် ၂၆ နှစ်အရွယ် ဦးဘဲဥဆိုသူတို့ဖြစ်ပြီး အဆိုပါနေ့ မွန်းလွဲ ၁ နာရီခန့်က ကင်မွန်းစခန်း တောင်ခြေ စားသောက်ဆိုင် တစ်ဆိုင်မှ ဆိုင်ဘုတ်ကို ထူမပေးနေစဉ် ဆိုင်ဘုတ်ပေါ်ရှိ 11 KV ဓာတ်အားလိုင်းကြိုးနှင့် ထိမိကာ ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး ကင်မွန်းချောင်း နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ် ၉/၂၀၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

No comments: