စစ်တွေ၊ စက်တင်ဘာ ၂၄
ရခိုင်ပြည်နယ်အတွင်းရှိ တရားမဝင် အဆောက်အအုံများ ဖျက်သိမ်းရန် သတင်းများ ထွက်ပေါ်နေသော်လည်း ဖျက်သိမ်းရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောသည်။
“မောင်တောဒေသမှာ ဗလီတွေ ဖြိုဖျက်မယ်ဆိုပြီး ပြောဆိုနေကြတာ၊ သတင်းတွေ ထွက်ပေါ်နေတာမှာ အစိုးရအဖွဲ့အနေနဲ့ လတ်တလော အစီအစဉ် မရှိသေးပါဘူး။ ခရိုင်က တင်ပြတဲ့ အချက်တွေကို လတ်တလော စီစစ်တုန်းပဲ ရှိပါသေးတယ်” ဟု လုံ/နယ်ဝန်ကြီးက ယနေ့ (စက်တင်ဘာ ၂၄ ရက်) က ပြုလုပ်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သတင်းမီဒီယာအချို့တွင် ထွက်ပေါ်နေသည့်စာရင်းမှာ မောင်တောခရိုင်မှ တင်ပြသည့် စာရင်းများသာ ဖြစ်ကြောင်း စည်ပင်သာယာရေးနှင့် သာသနာရေးဝန်ကြီး ဦးမင်းအောင်က ပြောသည်။
တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖြိုဖျက်မည်ဆိုသည့် စာရင်းများတွင် ဗလီနှင့် အာရဗီကျောင်းများသာ မကဘဲ ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများလည်း ပါဝင်ကြောင်း မောင်တောမဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရွှေအုန်းက ပြောသည်။
ယခုကဲ့သို့ တရားမဝင် အဆောက်အအုံများကို အရေးယူ ဆောင်ရွက်ရန်အတွက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်နေဆဲသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောသည်။
No comments:
Post a Comment