ရန်ကုန်၊ စက်တင်ဘာ ၂၅
ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာလမ်းတွင် အရက်မူးနေသော အမျိုးသားသုံးဦးကို လှည့်ကင်း မီးတန်းယာဉ်ဖြင့် သွားရောက် ထိန်းသိမ်းစဉ် လူငယ်တစ်ဦးကို ရိုက်နှက်ခဲ့သည်ဟုဆိုသော ရဲတပ်သားတစ်ဦးကို စုံခုံဖွဲ့ စစ်ဆေးနေကြောင်း ကြည့်မြင်တိုင် မြို့မရဲစခန်းထံမှ သိရှိရသည်။
"သွားရောက် ထိန်းသိမ်းတဲ့ရဲက လိုအပ်တာထက် ပိုပြီး အင်အားအလွန်အကျွံ သုံးစွဲခဲ့တယ်လို့ ယူဆရတာကြောင့် သူ့ကို စုံခုံဖွဲ့ စစ်ဆေးနေတယ်၊ ရိုက်နှက်ခံရတဲ့သူမှာ ဘယ်မျက်လုံးဘေး ပေါက်ပြဲဒဏ်ရာ၊ ဖူးရောင်ဒဏ်ရာတွေ ရခဲ့တယ်၊ နံပါတ်တုတ်နဲ့ ရိုက်လိုက်တာလား ဒါမှမဟုတ် လူငယ်က သူ့ဘာသာ ပြေးရင်းက လဲကျပြီးရခဲ့တဲ့ ဒဏ်ရာလားဆိုတာ လတ်တလော မသိရသေးဘူး"ဟု ကြည့်မြင်
တိုင် မြို့မစခန်းမှူး ဒုရဲမှူး ခင်မောင်ဆွေက ပြောကြားသည်။
စုံခုံဖွဲ့ စစ်ဆေးခံရသူမှာ ကြည့်မြင်တိုင် မြို့မစခန်းမှ ရဲတပ်သား တင့်လွင်ငြိမ်းဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်ညက ဗားကရာလမ်းပေါ်တွင် လူငယ်သုံးဦးမှ အရက်သေစာ သောက်စားမူးယစ်ပြီး ဆဲဆိုရမ်းကားနေကြောင်း သတင်းရရှိသောကြောင့် သွားရောက် ထိန်းသိမ်းစဉ် လူငယ် သုံးဦးထဲမှ အသက် ၂၀ အရွယ် ကောင်းမြတ်သူက ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုပြီး လှည့်ကင်းမီးတန်းယာဉ်ကို ခြေဖြင့်ကန်၍ ရပ်ကွက်အတွင်း ထွက်ပြေးခဲ့ကြောင်း၊ ယင်းလူငယ်နောက်သို့ အဆိုပါ ရဲတပ်သားက လိုက်လံဖမ်းဆီးခဲ့ကြောင်း ကြည့်မြင်တိုင်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရှိတစ်ဦးက ပြောကြားသည်။
"လူကြီးတွေ အချင်းချင်း တွေ့ဆုံညှိနှိုင်းပြီးပါပြီ၊ ရိုက်နှက်ခံရတဲ့ ကောင်လေးရဲ့ အုပ်ထိန်းသူဘက်ကလည်း သူတို့ အတွက်နဲ့ ရဲတစ်ယောက် အလုပ်ပြုတ်တာ၊ အရေးယူခံရတာ မလိုချင်ဘူးလို့ ပြောတယ်၊ ဒါကိုလည်း တာဝန်ရှိလူကြီးများအနေနဲ့ တာဝန်ခံ တာဝန်ယူ ဖြေရှင်းသွားမှာပါ၊ ဒီလိုသာ တာဝန်ခံယူမှု မရှိဘူးဆို နောက်ဆိုရင် ရဲလုပ်ရဲမယ့်သူတောင် ရှိမှာ မဟုတ်တော့ဘူး"ဟု ဒုရဲမှူး ခင်မောင်ဆွေက ရှင်းပြသည်။
အဆိုပါ လူငယ်သုံးဦးကို သွားရောက် ထိန်းသိမ်းသည့် လှည့်ကင်းမီးတန်းယာဉ်တွင် ဒုရဲအုပ်တစ်ဦး၊ ယာဉ်မောင်းတစ်ဦး၊ ရဲတပ်သားနှစ်ဦး ပါဝင်ခဲ့ပြီး ယခုဖြစ်ပွားသည့် ကိစ္စတွင် နှစ်ဦးနှစ်ဖက် မှားယွင်းခဲ့ကြောင်း၊ ကူညီဆောင်ရွက်ပေးမည့် ရဲတပ်ဖွဲ့ကို ယခုကဲ့သို့ ပြန်လည် မဆက်ဆံသင့်ကြောင်း၊ အမှုဖွင့်တိုင်ကြားပါက နှစ်ဖက် အပြန်အလှန် အမှုဖွင့် တိုင်ကြားနိုင်ကြောင်း ကြည့်မြင်တိုင် မြို့မရဲခစန်းမှ တာဝန်ကျ ရဲအရှိတစ်ဦးက ၎င်း၏ အမြင်ကို သုံးသပ် ပြောကြားသည်။
No comments:
Post a Comment