Tuesday, August 16, 2016

ရှက်စိတ်၊ ကြောက်စိတ်၊ သိမ်ငယ်စိတ်

တစ်လောက အမေရိကန်သမ္မတ အိုဘားမားသမီးတစ်ဦး အားလပ်ရက်မှာ စားသောက်ဆိုင် တစ်ဆိုင်မှာ စားပွဲထိုးဝင်လုပ်မယ် ဆိုတဲ့ သတင်းဖတ်ရတယ်။ နိုင်ငံ တကာမှာ အထူးသဖြင့် အနောက် နိုင်ငံတွေမှာ အခုလို နိုင်ငံတော် အကြီးအကဲ သားသမီးတွေ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးသား၊ သမီးတွေက ကုမ္ပဏီတွေ၊ စားသောက်ဆိုင် တွေ၊ စာကြည့်တိုက်တွေမှာ အချိန်ပိုင်း အလုပ်ဝင်ရောက်လုပ်ကိုင် တာ မကြာခဏဆိုသလို တွေ့ရ တတ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြား အကြီးအကဲတွေ သာမန်စား သောက်ဆိုင်တွေမှာ ၀င်ရောက် စားသုံးတာ၊ စားသုံးသူတွေနဲ့ အတူတကွ ၀င်ရောက်တန်းစီတာ၊ ကိုယ့်အိတ်ကိုယ်ဆွဲ၊ ကိုယ့်ထီးကိုယ်ဆောင်းလုပ်ကြတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေကလည်း ဆိုရှယ်မီဒီယာတွေမှာ မကြာခဏဆိုသလို ပါလာတတ်တော့ မြန်မာနိုင်ငံသားတွေဟာ တစ်ချိန်က တခမ်းတနားအမိန့်အာဏာနဲ့ နေတတ်ကြတဲ့ ယခင်စစ်ဗိုလ်ချုပ်ကြီးများကို အင်မတန်စက်ဆုပ်ရွံရှာကြပါတယ်။
လူတွေက ဒီလိုသတင်းမျိုး တွေ ဖတ်ပြီးရင် ငါတို့ဆီမှာနဲ့များ ကွာလိုက်တာလို့ မြည်တမ်းပြော ဆိုတတ်ကြပါတယ်။ နိုင်ငံခြားမှာ အချိန်ပိုင်းအလုပ်ဆိုတာ ကျောင်း သားအတော်များများ လုပ်ကြရပါ တယ်။ အထူးသဖြင့် စားသောက် ဆိုင်တွေမှာ အချိန်ပိုင်းအလုပ်တွေ ရှိတတ်ပါတယ်။ သူတို့ဆီက စား သောက်ဆိုင်များဟာ တစ်ဆိုင်နဲ့ တစ်ဆိုင်များစွာ မကွာခြားလှပါ ဘူး။ စားသောက်ဆိုင်တင်မဟုတ် ဘူး။ အများသုံးဘတ်စ်ကား၊ မြေ ပေါ်ရထား၊ မြေအောက်ရထားစ တဲ့ အခြေခံအဆောက်အအုံများ ဟာ နိုင်ငံသားအားလုံးတန်းတူ ရည်တူအသုံးပြုနိုင်ကြပါတယ်။ သန့်ရှင်းရေး ၀န်ထမ်းတွေက ကျောင်းကန်တင်းမှာ ၀င်ရောက် စားသုံးကြသလို ဆရာ၊ ဆရာမ တွေ၊ ပါမောက္ခတွေကလည်း ကျောင်းကန်တင်းမှာ ၀င်ရောက် စားသုံးကြပါတယ်။ အောက်ခြေ စာရေး၊ စာချီ၊ လုံခြုံရေးဝန်ထမ်း တွေက အများသုံးဘတ်စ်ကား တွေ၊ ရထားတွေစီးနင်းကြသလို ဌာနဆိုင်ရာအကြီးအကဲတွေ၊ ကုမ္ပဏီအကြီးအကဲတွေကလည်း အများသုံးဘတ်စ်ကားတွေ၊ ရထားတွေစီးနင်းတတ်ကြပါတယ်။ ဒီလို နိုင်ငံသားများအကြား ခွဲခြားမှုနည်းပါးတဲ့ အခြေအနေ၀န်းကျင်မျိုး ဟာ အမေရိကန်လို၊ ဂျပန်လိုချမ်း သာကြွယ်ဝတဲ့ နိုင်ငံကြီးတွေမှာ တင်မဟုတ်ပါဘူး။ တရုတ်လို၊ ထိုင်းလို မြန်မာ့အိမ်နီးချင်းနိုင်ငံ များမှာလည်း ထိုနည်းလည်း ကောင်းဖြစ်ပါတယ်။

ကြုံတုန်းတရုတ်နိုင်ငံရဲ့ အ ခြေအနေတချို့ကို တင်ပြချင်ပါ တယ်။ တရုတ်နိုင်ငံဟာ ကွန်မြူ နစ်နိုင်ငံဖြစ်ပါတယ်။ တစ်ပါတီ အာဏာရှင်စနစ် အုပ်ချုပ်ပြီး ကြောက်စရာကောင်းတဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် မကြာခဏပုံဖော်ခံရပါတယ်။ သို့သော် ဒီနေ့ခေတ် တရုတ်နိုင်ငံရဲ့ ထက်၊ အောက် ဆက်ဆံမှုများကတော့ များစွာနွေးထွေးမှုရှိပုံရပါတယ်။ စာရေးသူ တရုတ်နိုင်ငံကို လေ့လာရေးဖိတ် ကြားချက်များမှတစ်ဆင့် အခါ အားလျော်စွာ ရောက်ရှိဖြစ်ပါ တယ်။ ရောက်ရှိလည်ပတ်တဲ့အ ခါတွေမှာ စာရေးသူအတွက် ဆက်သွယ်ရေးအရာရှိတစ်ဦးကို ဌာန ဆိုင်ရာကားတစ်စီးနဲ့ သွားချင်တဲ့ နေရာလိုက်ပို့ပါတယ်။ ဒီမှာရေး ချင်တာ အဆင့်အတန်းခွဲခြားမှုအ ကြောင်းပါ။ လေ့လာရေးခရီးစဉ် များအတွင်း စားသောက်ဆိုင်တွေ မှာ နေ့လယ်စာ၊ ညနေစာဝင် ရောက်စားသုံးတဲ့အခါ စားရေးသူ တို့ ကားကိုမောင်းတဲ့ ဌာနဆိုင်ရာ ကားဆရာအမြဲပါလေ့ရှိပါတယ်။ ကားဆရာကိုလည်း လေးလေး စားစားဆက်ဆံကြပါတယ်။ ကား ဆရာကလည်း အတူတကွစား သောက်ရာမှာ ပေါ့ပေါ့ပါးပါးပဲ။ အဲဒီလိုအတွေ့အကြုံက ဘေဂျင်း မှာရော၊ ရှန်ဟိုင်းမှာရော၊ ကူမင်းမှာရော အတူတူပါပဲ။ တရုတ်ဆိုတာဘာသာတရားမရှိတဲ့ နိုင်ငံနော်။ စာရေးသူအစိုးရအလုပ်လုပ်စဉ် မြန်မာနိုင်ငံမှာလည်း ခရီးတွေ သွားဖူးပါတယ်။ အစိုးရကားဆရာ တွေဆို ဘယ်သူမှ အဖက်မလုပ် ပါဘူး။ ကားဆရာက ဧည့်သည် တွေနဲ့၊ အရာရှိတွေနဲ့ ထမင်းတစ် ၀ိုင်းတည်းအတူဝင်စားရင်တောင် မောင်းအထုတ်ခံရနိုင်ပါတယ်။ ကားဆရာကလည်း သိမ်ငယ်စိတ် နဲ့ကို ၀င်စားမှာမဟုတ်ပါဘူး။ တ ခြားစားပွဲတစ်ခုမှာသာ ကုပ်ကုပ်လေးသွားစားချင်စားမယ်။ ဒီမှာက ၀န်းကျင်ကိုယ်၌က သိမ်ငယ်စိတ်ကို ဖန်တီးထားတယ်လေ။ ကိုယ့်အချင်းချင်းတောင် သိမ်ငယ်ရင် နိုင်ငံခြားသားတစ်ပါးသူနဲ့ဆို ပိုဆိုးတာပေါ့။ စေ့စေ့ကို မကြည့်ရဲတော့ဘူး။ ရှက်စိတ်၊ ကြောက်စိတ်၊ သိမ်ငယ်စိတ်က ၀င်သွားပြီ။
နိုင်ငံခြားမှာက တစ်ဦးနဲ့ တစ်ဦးက သိပ်မကွာလှဘူး။ တစ်ဆိုင် နဲ့ တစ်ဆိုင်က သိပ်မကွာလှဘူး။ တစ်ရုံးနဲ့ တစ်ရုံးက သိပ်မကွာလှဘူး။ ဒီတော့ လုပ်ကိုင်ဆက်ဆံရတာ အဆင်ပြေတယ်။ အားလုံးအချိန်ပိုင်းအလုပ်လုပ်တယ်ဆိုရင် ဘာရှက်စရာရှိသလဲ။ ဒီမှာကတော့ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ချင်ရင်တောင် ဘယ်မှာလုပ်ရမှန်းမသိဘူး။ အချိန်ပိုင်းအလုပ်လုပ်ချင်တယ်ဆိုရင်တောင် မာဆတ်မှာလုပ်မလား အမေးခံရလိမ့်မယ်။ ဒီမှာက အချိန်ပိုင်းလုပ်တယ်ဆိုရင်ကို အထင်အမြင်သေးချင်တဲ့ စိတ်အခံကရှိနေတယ်။ သူတို့ဆီ မှာ ၀န်ကြီးတွေ၊ ကုမ္ပဏီအကြီးအကဲတွေ၊ မန်နေဂျာတွေ အလုပ်လက်မဲ့ဖြစ်သွားတယ်ဆိုရင် လမ်းဘေးကိုယ်ပိုင်ဈေးဆိုင်ထွက်ရောင်းချင်ရောင်းတယ်။ ဒါမှမဟုတ် အချိန်ပိုင်းအလုပ်ဝင်လုပ်တယ်။ နောက်အလုပ်တစ်ခုကို ၀င်လျှောက်တယ်။ နောက်တစ်ခါ ရွေးကောက်ပွဲပြန်ဝင်တယ်။ ၀င်လိုက်၊ ထွက်လိုက်ပဲ။ သူတို့ဆီမှာ မဆန်းဘူး။ ဒီတော့ အာဏာဆိုတာကို ဘာမက်စရာရှိသလဲ။ ဒီမှာကတော့ တစ်ခါလောက် လုပ်ပိုင်ခွင့်ရရင် ယူထားပေတော့ပဲ။ အခွင့်အရေးရတုန်း ယူသာထား၊ မယူလို့ကတော့ နွားပဲ။ ကိုယ်မလုပ်လည်း နောက်လူက လုပ်မှာပဲဆိုတဲ့ အတွေးက လူတိုင်းမှာရှိနေတယ်။ ဒီက စိတ်တွေက အဲဒီလိုကိုဖြစ်နေတယ်လေ။ ပြင်ဖို့ အင်မတန်ခက်နေတယ်။ ဒီမှာက နေရာကောင်းတစ်နေရာရပြီဆိုရင် အလုပ်လုပ်တာ ကိုယ်နဲ့ ကိုယ့်အသိုင်းအ၀ိုင်းအတွက်ပဲ ဖြစ်နေတတ်တယ်။ အများအတွက် မဟုတ်ဘူး။ ဒီတော့ ဖွံ့ဖြိုးတိုးတက်မှုမှာ နိုင်ငံခြားနဲ့ မြန်မာကကွာပြီး ရင်းကွာနေတော့တာပေါ့။
အခုဆို မြန်မာနိုင်ငံမှာ နှစ် ရှည်နေထိုင်လုပ်ကိုင်တဲ့ နိုင်ငံခြား သားတွေ အများကြီးရှိလာနေ တယ်။ နိုင်ငံခြားသားတွေ မြန်မာ အိမ်ဖော်တွေ ငှားကြတယ်။ အိမ် ဖော်တွေနဲ့ သူတို့ဆက်ဆံရေးက အင်မတန် နွေးထွေးတတ်တယ်။ အများစုပေါ့လေ။ စာရေးသူရုံးမှာ နိုင်ငံခြားသားတွေအများကြီးရှိ တော့ သူတို့နဲ့ သူတို့အိမ်ဖော်ဆက် ဆံရေးကို သတိပြုမိတယ်။ တစ်ခါတလေ အိမ်ဖော်သားသမီးတွေ နဲ့ နိုင်ငံခြားသားတွေရဲ့ သားသမီး တွေအတူ ဆော့ကစားကြတယ်။ အိမ်ဖော်တွေ၊ အိမ်ဖော်သားသမီး တွေ ကူးစက်ရောဂါရှိမှာကိုတော့ နိုင်ငံခြားသားတွေ ကြောက်ကြ တယ်။ လက်ပွန်းတတီးနေတာ ဆိုတော့ သူတို့ကိုလည်း ကူးမှာ ကိုး။ အိမ်ဖော်တွေ ကျန်းမာရေး ဆိုလည်း သေချာစစ်ဆေးကြ တယ်။ အိမ်ဖော်တွေကို သူတို့ ကုသတဲ့ ဆေးခန်းတွေမှာပဲ ပြသ ပေးတယ်။ စေတနာကောင်းလွန်း လို့ဆိုတာထက် သာမန်ဆေးခန်း တွေကို မယုံကြည်ဘူးပေါ့။ ဆိုချင်တာ အိမ်ဖော်တွေရဲ့ ကျန်းမာရေး အခြေအနေတွေကို သူတို့ကျန်း မာရေးအခြေအနေလိုပဲ သဘော ထားတယ်။ နိုင်ငံခြားသားတိုင်း ကောင်းတယ်၊ ကြင်နာတယ်လို့ တော့ မဟုတ်ပါဘူး။ ဆိုးတဲ့ နိုင်ငံ ခြားသားလည်း ရှိမှာပေါ့လေ။
စာရေးသူ လုပ်ဖော်ကိုင်ဖက်နိုင်ငံခြားသားအိမ်တွေရောက်ဖြစ် ရင် အဲဒီက အိမ်ဖော်တို့၊ ခြံစောင့် တို့ကို စကားတွေပြောဖြစ်တယ်။ လေ့လာအကဲခတ်ဖြစ်တယ်။ နိုင် ငံခြားသားအိမ်တွေမှာ လုပ်ခွင့်ရ တဲ့ အိမ်ဖော်တွေကျတော့ ရောက် စမှာ နွမ်းပေမယ့် ကြာတော့ လန်း လာတယ်။ အသိဉာဏ်ဆိုတာ လည်း ပွင့်လန်းလာတယ်။ သူတို့ အခွင့်အရေးကိုလည်း မြင်တတ် လာတယ်။ သူတို့သားသမီးတွေ ဆိုလည်း နိုင်ငံခြားသားမိသားစုနဲ့ မကြာခဏထိတွေ့ခွင့်ရတော့ လူ တွေကို သိပ်စိုးရွံ့နေတာမျိုး၊ မ ဆက်ဆံရဲတာမျိုး မဖြစ်တော့ဘူး။ ရှက်စိတ်၊ ကြောက်စိတ်၊ သိမ်ငယ် စိတ်ဆိုတာတွေ လျော့ပါးပျောက် ကွယ်သွားတယ်။
ဒီမှာကတော့ အိမ်ဖော်တွေ ရဲ့ ဘ၀ဆိုတာ အများကြီးနိမ့်ကျ ပါတယ်။ မြန်မာ မြန်မာချင်းနော်။ အိမ်ရှင်အများစုက အိမ်ဖော်တွေ ကို အရေးမပေးသလို အလုပ်တွေ ဆိုလည်း အဆမတန်ခိုင်းလေ့ရှိ တယ်။ လုပ်ခလစာဆိုတာလည်း အင်မတန် နည်းပါးလှပါတယ်။ အိမ်ဖော်တွေရဲ့ အခွင့်အရေးကို ပြောပေးမယ့်သူလည်း မရှိဘူး။ မလုပ်နိုင်ရင်ထွက်ပဲ။ အိမ်ဖော် မိန်းကလေးတွေဟာ သူတို့ကို အလေးမထားတဲ့ ၀န်းကျင်မှာပဲ ထိတွေ့ကြီးပြင်းလာရတော့ ရှက် စိတ်၊ ကြောက်စိတ်၊ သိမ်ငယ်စိတ်က ၀င်နေတတ်ကြတယ်။ အခုနောက်ပိုင်း တချို့အိမ်ဖော်တွေလည်း လျင်လာကြပါတယ်။
သို့သော် နိုင်ငံခြားသားအိမ်မှာလုပ်ခွင့်ရတဲ့  အိမ်ဖော်တွေလိုကောင်းမွန်တဲ့ လျင်ပုံလျင်နည်းမျိုးတော့ မဟုတ်ဘူး။ အိမ်ရှင်ကို ဘယ်လို လှိမ့်ရမလဲ။ ဘယ်လိုလှည့်ရမလဲ။ ခဏလောက်လုပ်၊ ပွဲစားနဲ့ ညှိပြီး နောက်တစ်အိမ်ပြောင်း၊ တစ်ခါတလေအိမ်ရှင်နဲ့ အိမ်ဖော်က လျင်သူစားစတမ်းလို ဖြစ်နေတတ်တယ်။
ဘာကြောင့် ဒီနိုင်ငံ ဒီလောက်ပြဿနာတွေ များနေရသလဲ၊ဆင်းရဲမွဲတေနေရသလဲဆိုရင် စိတ်ဓာတ်တွေ မမှန်ကြလို့ပေါ့ဗျာ။ စိတ်ဓာတ်မမှန်တဲ့သူတွေ၊ မရင့် ကျက်၊ မပြည့်ဝတဲ့သူတွေ ရှေ့ ရောက်နေရာရ၊ အုပ်ချုပ်ခဲ့ကြလို့ ပေါ့ဗျာ။ အုပ်ချုပ်မင်းလုပ်တဲ့သူ တွေ ပြည်သူကို ရင်ဝယ်သားပမာ သဘောမထားခဲ့ကြလို့ပေါ့ဗျာ။ ပြည်သူက ရိုင်းတယ်ဆိုရင်လည်း အဲဒါအစိုးရတွေ ရိုင်းလို့လေဗျာ။ ပြည်သူတုံးတယ်ဆိုရင်လည်း အဲဒါအစိုးရတွေ တုံးလို့လေဗျာ။ ပြည်သူတွေမှာ ရှက်စိတ်၊ ကြောက်စိတ်၊ သိမ်ငယ်စိတ်တွေဝင်နေ တယ်၊ ရှက်စိတ်၊ ကြောက်စိတ်၊ သိမ်ငယ်စိတ်တွေကြီးနေတယ်ဆို ရင်လည်း အဲဒါအစိုးရတွေ ညံ့ဖျင်းလို့လေဗျာ။
ဒီနိုင်ငံမှာက ခေတ်အဆက် ဆက်အကြောက်တရားနဲ့ အုပ် ချုပ်လာခဲ့တာလေ။ လူတော်၊ လူ ကောင်းတွေဆိုလည်း အခွင့်အ ရေးတွေနဲ့ ဆွဲဆောင်၊ ဆွဲဆောင် လို့ မရရင် အပြစ်ရှာရှင်းထုတ်လာ ခဲ့တာလေ။ အခုတော့ ပြည်သူ့ အစိုးရဆိုတဲ့ ခေတ်သစ်တစ်ခုကို တော့ ရောက်နေပြီ။ ပြည်သူ့ အစိုးရဆိုတာရဲ့ လုပ်ဆောင်ချက် တွေကို ဘယ်လိုအကဲဖြတ်ကြမ လဲ။ လက်ရှိအစိုးရရဲ့ လုပ်ဆောင် ချက်တွေဟာ ခေတ်အဆက်ဆက် ဒဏ်ရာ၊ ဒဏ်ချက်တွေကြောင့် မြန်မာပြည်သူတွေမှာ တင်ရှိနေ တဲ့ ရှက်စိတ်၊ ကြောက်စိတ်၊ သိမ် ငယ်စိတ်တွေကို ဘယ်လောက် အထိ လျော့ပါးသက်သာစေတယ် ဆိုတဲ့အပေါ်မူတည်ပြီး အမှတ်ပေးရမှာ ဖြစ်ကြောင်းပါ။

No comments: