ရန်ကုန်၊ သြဂုတ် ၁၉
အရှေ့တောင်အာရှရှိ
နေပျော်ဖွယ် အကောင်းဆုံးမြို့များကို The Economist Intelligence Unit က
ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှ မြို့ကြီးများ မပါဝင်ကြောင်း အဆိုပါ
ဖော်ပြချက်အရ သိရသည်။
The Economist
Intelligence Unit ၏ ဖော်ပြချက်အရ စင်ကာပူနိုင်ငံ မြို့တော် စင်ကာပူ၊
မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူနှင့် ထိုင်းနိုင်ငံမြို့တော်
ဘန်ကောက်တို့မှာ အရှေ့တောင်အာရှ နေပျော်ဖွယ် အကောင်းဆုံး ရှစ်မြို့အနက်
ထိပ်ဆုံးမှ အစဉ်လိုက် ရပ်တည်လျှက် ရှိသည်။
အဆိုပါ
မြို့များ နောက်တွင် ဖီလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၊
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာ၊ ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်း၊
ဟိုချီမင်းမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်တို့မှာ
အစဉ်လိုက် ရပ်တည်လျှက် ရှိသည်။
အဆိုပါ မြို့များစာရင်းတွင် မြန်မာ၊ ဘရူနိုင်းနှင့် လာအိုနိုင်ငံမှ မြို့တို့ မပါဝင်ခဲ့ပေ။
ရန်ကုန်မြို့ကို
နေချင်စဖွယ် ဖြစ်လာစေရေးအတွက် Green Zone များ ဖန်တီးပေးရန်
လိုအပ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်တိုက်တာ အဆောက်အအုံများ ကြားတွင်
မြေလွတ်များ မရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ အထပ်မြင့်
စစ်ဆေးရေး ကော်မတီတွင် မြို့မိမြို့ဖ ကိုယ်စားပြု ပါဝင်သူ ဦးရဲမင်းဦးက
ပြောကြားသည်။
အင်္ဂလိပ် အစိုးရလက်ထက်
ရန်ကုန်မြို့ကို တည်ဆောက်ခဲ့ရာတွင် လေဝင်လေထွက်နှင့် အလင်းရောင်
ရရှိရေးအတွက်ပါ ထည့်သွင်း စဉ်းစားခဲ့ပြီး အလင်းရောင် ကောင်းစွာ မရရှိပါက
စိုထိုင်းမှုကြောင့် ဖြစ်ပေါ်သည့် မှိုကြောင့် ကျန်းမာရေး ထိခိုက်
နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
“ဝန်ကြီးဌာနတွေရဲ့
မြေတွေကို ပုဂ္ဂလိကနဲ့ လုပ်ငန်း တွဲလုပ်တာမျိုးတွေ မလုပ်ဘဲ အများပိုင်
နေရာအဖြစ် ပန်းခြံတွေ၊ ကစားကွင်းတွေ ပြန်လည် ဖော်ထုတ်ပေးဖို့ လိုပါတယ်”ဟု
ရန်ကုန်ကို နေချင်စဖွယ်မြို့ ဖြစ်ပေါ်လာရေး ဦးရဲမင်းဦးက အကြံပြုသည်။
အရပ်သား
အစိုးရလက်ထက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကမူ
အဆိုပါ ရာထူးကို လက်ခံ ရယူနေ့၌ ရန်ကုန်မြို့ရှိ ယာဉ်ကြော ကျပ်တည်းမှု၊
ရေကြီးရေလျှံမှု၊ လမ်းပေါ်တွင် အမှိုက်များ စုပုံနေမှုနှင့် အလုပ်လက်မဲ့
ဖြစ်ရပ်များကို ဖြေရှင်းမည်ဟု ကတိပြု ထားသော်လည်း လက်ရှိတွင် အဆိုပါ
ကိစ္စများ ပြေလည်မှု မရရှိသေးကြောင်း မြို့နေ ဒေသခံများက ဆိုသည်။
လက်ရှိတွင်
ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ရန်ကုန်မြို့ရှိ အထပ်မြင့် ကိစ္စကို စတင်
ကိုင်တွယ်လျှက်ရှိပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကမူ
နောက်ဖေးလမ်းကြား အမှိုက်ကိစ္စနှင့် လမ်းဘေးဈေးသည် ကိစ္စတို့အတွက်
အဖြေရှာလျှက်ပင် ရှိသေးသည်။
မိုးတွင်း
ရောက်သည်နှင့် ဒူးခေါင်း မြုပ်သည်အထိ ရေကြီး တတ်ခြင်း၊ လမ်းပေါ်တွင်
အမှိုက်များ ရှိနေခြင်း၊ ရေစီးရေလာ မကောင်းခြင်း၊ လျှပ်စစ်မီးကြိုးများ
မကြာခဏ ပြတ်ကျတတ်ခြင်း၊ သစ်ပင်များ နည်းပါးလာခြင်း၊ ကျူးကျော် အရေအတွက်
တိုးပွားလာခြင်း၊ ဆိုးရွားသော ယာဉ်ကြော ကျပ်တည်းမှု ရှိနေခြင်း၊ စည်းကမ်းမဲ့
လမ်းဘေး ဈေးသည်များ ရှိနေခြင်း၊ အထပ်မြင့်များ စည်းကမ်းမဲ့
တည်ဆောက်ကြခြင်းနှင့် ပန်းခြံ၊ အားကစား ကွင်းကဲ့သို့ ပြည်သူပိုင် နေရာများ
နည်းပါးလာခြင်းတို့ကို ဖြေရှင်းရမည့် ကိစ္စသည် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်အတွက် စိန်ခေါ်မှုများပင် ဖြစ်သည်။
The
Economist Intelligence Unit သည် ကမ္ဘာတစ်လွှား မြို့ကြီး ၁၄ဝ ကို စာရင်း
ကောက်ယူခဲ့ရာ ကမ္ဘာ့အကောင်းဆုံး နေပျော်ဖွယ်မြို့အဖြစ်
သြစတေးလျနိုင်ငံမြို့တော် မဲလ်ဘုန်းက ရပ်တည်နေပြီး အကြမ်းဖက်မှုများ
ခြိမ်းခြောက် ခံနေရသည့် ပြင်သစ်နှင့် အမေရိကန် မြို့ကြီးများကို
ကျော်ဖြတ်သွားသည်။
နေထိုင်မှု ကုန်ကျစရိတ်၊
ကျန်းမာရေးစနစ်၊ ယဉ်ကျေးမှု၊ သဘာဝ ပတ်ဝန်းကျင်၊ ပညာသင်ကြားနိုင်မှု
အခွင့်အလမ်းနှင့် အခြေခံ အဆောက်အဦ ပြည့်စုံမှုပေါ် မူတည်၍ နေချင်စဖွယ်
မြို့ကြီးများကို အမှတ်ပေး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။the voice
No comments:
Post a Comment