Tuesday, May 17, 2016

Sex Education ကိုစာသင်ကျောင်းတွေမှာထဲ့သင့်မထဲ့သင့်

Sex Education ကိုစာသင်ကျောင်းတွေမှာထဲ့သင့်မထဲ့သင့်

မနေ့ က အိတ်ခ်ျအိုင်ဗွီရောဂါနဲ့ အခြား ကာလသားရောဂါ
စစ်ဆေး၊ကုသ၊ဆေးပေး
ပရဟိတဆေးခန်းတစ်ခုကိုရောက်တော့
အဲ့မှာ ဆေးကုပေးနေတဲ့ တာဝန်ခံဆရာဝန် ဆရာမျိုးနဲ့ 
စကားပြောဖြစ်တော့ မြန်မာပြည်မှာ ကိန်းဂဏန်းအလွန်မြင့်တက်နေတဲ့
အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုနှုန်းကို ဖြစ်စေတဲ့
အဓိက အကြောင်းတွေနဲ့ ပတ်သက်ပြီး
ဆွေးနွေးဖြစ်တယ်။ ကျန်းမာရေး ဝန်ကြီးဌာနက
ထိထိရောက်ရောက်တာဝန်ယူ
နိုင်မှုမရှိတာရယ်၊ တကယ်အိတ်ခ်ျအိုင်ဗွီ
ဖြစ်ပွားနေတဲ့ သူတွေရဲ့ ကြောက်ခမန်းလိလိ
မြင့်တက်နေတဲ့ အရေအတွက်ကို ဖုံးဖိထားတဲ့
အကြောင်းတွေလည်းပါတယ်။ပိုပြီး အံ့သြဖို့
ကောင်းတာက မြန်မာပြည်မှာလည်း
အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလို အရွယ်မတိုင်မီ
လိင်ဆက်ဆံမှုတွေ ဖြစ်နေတဲ့ ပြသနာရယ်
ကျေးရွာတွေမှာ ကူးစက်နှုန်းများနေတဲ့
အကြောင်းရယ်ပဲ။

အားလုံးသိတဲ့အတိုင်း ဒီရောဂါပိုးပြန့်ပွား
ကူးစက်နိုင်တဲ့ နည်းလမ်းတွေက
အများကြီးရှိပေမယ့်လည်း အဓိက
အဆိုးရွားဆုံး ပြန့် ပွားစေတာက
အကာကွယ်မဲ့ လိင်ဆက်ဆံမှုကြောင့်ပဲ။
လိင်ဆက်ဆံမှုကြောင့် ဒီရောဂါပိုး ကူးစက်ခံနေရတဲ့ ဆယ်ကျော်သက်လူငယ်တွေ က
ရာခိုင်နှုန်း အများဆုံးပဲ။

ဒီလောက် ပညာပေးတွေတတ်နိုင်
သလောက်လုပ်နေပါလျက်နဲ
ဘာလို့ ဒီလောက်ထိ ပြန့် ပွားနေရတာလဲ။
အဓိကအကြောင်းရင်းတွေထဲမှာ ပါတဲ့
တစ်ချက်က ကျနော်တို့ မြန်မာတွေ
လိင်ကိစ္စ ဆိုတဲ့ မထူးဆန်းတဲ့
ပုံမှန်သဘာဝ ဇီဝဖြစ်စဉ် တစ်ခုအပေါ်
တလွဲဆံပင်ကောင်း ယဉ်ကျေးမှု စံနှုန်းတွေ၊
ဟိရိသြတပ္ပတရားတွေလွန်ကဲပြီး
အမြင်မှားနေတယ်ဆိုတဲ့ အချက်ပဲ။လိင်ကိစ္စကို
ဖိနှိပ်လွန်းတဲ့အခါ ၊ မကြားဝံမနာသာ အကြောင်း
အရာတစ်ခုအဖြစ်နဲ့ မိသားစုကြား၊ ညီအစ်ကို
မောင်နှမကြား၊ မိတ်ဆွေ အပေါင်းသင်းကြား
လူလည်ကောင်ကြား မဆွေးနွေးထိုက်တဲ့
ရွံ့ရှာဖွယ် အကြောင်းရပ်တစ်ခုအနေနဲ့
သတ်မှတ်ထားတာကြောင့်ပဲ။

ယောင်္ကျားလေးနဲ့ မိန်းကလေး puberty
ရောက်ပြီးလို့  လိင်အင်္ဂါစနစ် ကောင်းကောင်း
ဖွံ့ဖြိုးပြီးချိန် နှစ်ဦး လုံးရဲ့  သဘောတူညီချက်နဲ့ 
လိင်ဆက်ဆံကြတယ်ဆိုတာကို ဘာမှ
ဝင်ပြောစရာမရှိဘူး။ အရွယ်ရောက်ပြီး
အသက် ၁၈ နှစ်ကျော်ချိန် သမီးရည်းစား
နှစ်ဦးသဘောတူ သံဝါသပြုတာ အပြစ်လည်း
မဟုတ်သလို လူ့ အသိုင်းဝိုင်းက လက်မခံ
စရာ taboo တစ်ခုလည်း မဟုတ်ဘူး။ အရွယ်
ရောက်ပြီးသူတိုင်းမှာ လိင်လွတ်လပ်ခွင့်ရှိတယ်။
ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်
ဟိုမုန်းအပြောင်းလဲဖြစ်ပြီး လိင်အင်္ဂါရင့်သန်
လာတဲ့အလျောက် ၁၈ ၊၁၉ အရွယ်
ဆယ်ကျော်သက်ကာလမှာ လိုင်ဆက်ဆံလိုတဲ့
အာသီသဖြစ်ပေါ်တာ ဘာမှ ထူးဆန်းပြီး
ရှက်ကြောက်စရာကောင်းတဲ့ ကိစ္စမဟုတ်ဘူး။

ပုံမှန်လူသားတိုင်း ဒီဖြစ်ရပ်ကို ရှောင်လွှဲလို့မရဘူး။
ပြီးတော့ ဆယ်ကျော်သက်အရွယ်မှာ တစ်ခါမှ
လိင်ဆက်ဆံဖူးတဲ့ အတွေ့အကြုံမရှိတာ
ကြောင့်ရယ်၊ ပတ်ဝန်းကျင်က အရာရာက
နှိုးဆွမှုပေးတဲ့ အခြေနေကြောင့်ရယ် စူးစမ်း
လိုစိတ်ရှိပြီး လိင်စိတ်ပြင်းထန်တဲ့ လူငယ်တွေအဖို့
လိင်ဆက်ဆံဖို့ ဖြစ်နိုင်တဲ့ နည်းမျိုးစုံနဲ့ ကြိုးစားမှာပဲ။
အထူးသဖြင့် ယောင်္ကျားလေးတွေမှာ ပိုပြင်းပြတယ်။
အဲ့လို ကြိုးစားကြတဲ့အခါ သမီးရည်းစားနှစ်ယောက်
ကိုယ်ပိုင်စိတ်ဆန္ဒအရ လိင်ဆက်ဆံတာမျိုးရှိသလို
အတင်းအကြပ်ခိုင်းစေမှုကြောင့်၊ ဒါမှမဟုတ်
ဆွဲဆောင်ဖြားယောင်မှုကြောင့် ဆက်ဆံတာမျိုးလည်း
ရှိနိုင်တယ်။ ဘယ်လိုအကြောင်းမျိုးကြောင့်မဆို
ဆက်ဆံမိသွားကြတဲ့အခါ တခြားပြသနာတွေထက်
ရောဂါပိုး မကူးဖို့နဲ့ ဆန္ဒမပါပဲ ကိုယ်ဝန်ရရှိတာမျိုး
မဖြစ်ဖို့က ပိုပဓာနကျတယ်လို့ထင်တယ်။
တခြားပြသနာတွေဖြစ်တဲ့ အပျိုရည်ပျက်တာတွေ၊
လိင်ဆက်ဆံပြီးမှ စွန့်ပစ်ခံရတာမျိုးတွေက
ထင်သလောက် အရေးမပါပါဘူး။

အိတ်ချိတ်အိုင်ဗီပိုးနဲ့ အခြားကာလသားပိုးတွေ
ကူးဆက်ပြန့်ပွားမှုကို တားဆီးဖို့ ထိန်းချုပ်ဖို့
အကောင်းဆုံးနည်းက သီအိုရီအရ
abstinence ဆိုတဲ့ လိင်မဆက်ဆံပဲနေဖို့ပဲ။
ဒါပေမယ့် ဒါက သီအိုအရသာဖြစ်နိုင်ပေမယ့်
လက်တွေ့မှာ လူတိုင်းကို လိင်မဆက်ဆံပဲ
နေခိုင်းဖို့ဆိုတာဟာ မဖြစ်နိုင်သလောက်ပဲ။
လိင်ကိစ္စဟာ ဘဝရဲ့ တစ်ကွေ့မှာ မဖြစ်မနေ
ကြုံတွေ့ရဖို့ အလားလာများပါတယ်။
ဆိုတော့ ဆယ်ကျော်သက်တွေကို လိင်မဆက်ဆံရ
ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ပေးပြီး ပြီးပြီးရော
ပြောတာထက် လိင်ပိုင်းဆိုင်ရာ ဗဟုသုတနဲ့
အသိပညာကို ကလေးတွေ ခေါင်းထဲ သွင်းပေးဖို့
မိသားစု စကားဝိုင်းထဲမှာ ပွင့်ပွင့်လင်းလင်း
သေသေချာချာထည့်ဆွေးဖို့ပဲ။ကျောင်းတွေမှာလည်း
sexual education ကို အတန်းလိုက် သင်ရိုး
တစ်ရပ်အနေနဲ့ ထည့်သွင်းသင်ကြားပေးဖို့ပါပဲ။

ဘာမဟုတ်တဲ့ လူမျိုးရေးမုန်းတီးမှုကို ဖြစ်စေတဲ့
ယိုးဒယား -မြန်မာ သမိုင်းအစိမ်းရောင် စာအုပ်
တွေကို ထည့်သင်မယ့်အစား လိင်ပညာပေး
သင်ရိုးတွေကို ကဏ္ဍခွဲပြီး သေသေချာချာ
သင်ကြားပေးဖို့လိုတယ်။ကလေးတွေထဲကို
အထူးသဖြင့် ယောင်္ကျားလေးတွေ ခေါင်းထဲကို
အရွယ်မတိုင်ခင် လိင်စိတ်တွေဖြစ်မလာအောင်
တားဆီးတာထက် ဝင်လာတဲ့အနေအထား
အလျောက် အကောင်းဆုံး အသိပညာပေး
လိုက်လျောညီထွေ တုန့်ပြန်သွားတာက
ပိုဖြစ်နိုင်တယ်။ ဘာကြောင့် အရွယ်မတိုင်ခင်
ကလေးတွေရဲ့ စိတ်ထဲကို လိင်စိတ်တွေ ဝင်လာအောင်
တားဆီးဖို့ ခက်ခဲလဲဆိုတာက ထင်ရှားတဲ့
အကြောင်းရင်းတွေရှိတယ်။ အရင်ခေတ်မှာ
လိင်စိတ်နိုးကြွစေတဲ့ အပြာကားတွေကို
ထိန်းချုပ်ဖမ်းဆီးလို့ ရနိုင်ပေမယ့် ဒီဘက်
မိုဘိုင်းဖုန်းခေတ်၊ အင်တာနက်နည်းပညာခေတ်မှာ
ညစ်ညမ်းဗီဒီယိုတွေ ကလေးတွေလက်ထဲ
မရောက်အောင် ထိန်းချုပ်ဖို့ဟာ တစ်ကယ့်
စိန်ခေါ်မှုတစ်ရပ် ဖြစ်ကိုဖြစ်လာနေတယ်။
နောက် ခုခေတ် လူငယ်တွေကြား
ရေပန်းစားနေတဲ့ အမေရိကန် ဂီတတွေဟာလည်း
MTV ကအစ သီချင်းစာသားအဆုံး
လိင်အသားပေးတဲ့ soft porn
သာသာ ဖြစ်နေပါတယ်။

ကျောင်းမှာ သူငယ်ချင်းတွေစုပြီး အိမ်သာထဲသွား
မိုဘိုင်းဖုန်းနဲ့ အပြာကားကြည့်တာမျိုးးတွေ၊
တခြားအခွင့်ပေးတဲ့ အချိန် အိမ်မှာ လူကြီးတွေ
မရှိတဲ့ အချိန် ခိုးကြည့်တာမျိုးတွေဟာ လုံးဝကို
ဖြစ်နိုင်ချေများတဲ့ ကိစ္စတွေပါ။ ဆယ်ကျော်သက်
၁၂ နှစ် ၊ ၁၃ နှစ် နဲ့ ၁၄ နှစ်အရွယ် လူပျိုဖော်
ဝင်စ ယောင်္ကျားလေးတွေဟာ PEER PRESSURE
လို့ခေါ်တဲ့ ရွယ်တူသူငယ်ချင်းတွေက ဆွယ်မှု၊
လွှမ်းမိုးမှု ၊ အားပေးအားမြှောက်လုပ်မှုတွေ
ကြောင့်လည်း ဒီအတွေ့အကြုံကို စမ်းသပ်လိုစိတ်
ရှိကြတယ်။ ဒါကြောင့် ဒီပြသနာနဲ့ ပတ်သက်ပြီး
မိဘတွေမှာလည်း တာဝန် ရှိပါတယ်။ အဲ့တာဝန်က
ကလေးကို လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ကောင်းကျိုး၊
ဆိုးကျိုး အားလုံးကို ရှင်းပြဖို့ပါပဲ။

လိင်ဆက်ဆံတယ်ဆိုတာဟာ ဘာလဲ။ ဘယ်အချိန်မှာ
ဆက်ဆံတာ အကောင်းဆုံးလဲ။ လိင်ဆက်ဆံမဲ့
အချိန်မတိုင်ခင် အရွယ်မတိုင်ခင် (sexually precocious)
လိင်စိတ်အကြွစောနေတဲ့ ကလေးတွေကိုလည်း
လိင်ဆက်ဆံမဲ့အစား အခြားဘယ်လို စိတ်ဖျေဖျောက်မှု
ရနိုင်မလဲ။ အကယ်၍ အကြောင်းအမျိုးမျိးကြောင့်
ဆက်ဆံမိတဲ့အခါ ဘယ်လိုအကာကွယ်သုံးသင့်ကြောင်း၊
နောက်ဖြစ်လာမယ့် ပြသနာတွေကို ဘယ်လို
ကြိုတွေးထားရမယ်ဆိုတဲ့အကြောင်းတွေကို သေချာ
အကြောင်းကျိုးပြချက်တွေ၊ သာဓကအစုံအလင်နဲ့
သင်ကြားဆွေးနွေးပေးသင့်တယ်။ မိဘတွေအနေနဲ့လည်း
ဒီလို ပညာပေးဖို့ တာဝန်ရှိပေမယ့် ပညာရေးနဲ့
ဗဟုသုတအားနည်းတဲ့ မိဘတွေ ၊မိသားစုတွေရှိနေ
နိုင်တဲ့အတွက် ဒီတာဝန်ဟာ အစိုးရကျောင်းတွေနဲ့
ပုဂ္ဂိလိကကျောင်းတွေအပေါ်မှာ အဓိက မူတည်တယ်။
လိင်ဆက်ဆံဖော်မများဖို့၊ များခဲ့ရင်လည်း ကွန်ဒုံး
အမြဲသုံးဖို့ စတာတွေလည်း အပါအဝင်ပဲ
ဖြစ်ပါတယ်။

မိန်းကလေးတွေကိုလည်း အထက်က ပြောခဲ့တဲ့
အချက်တွေကို သင်ကြားပေးသင့်တဲ့အပြင်
သမီးရည်းစားထားမိတဲ့အခါ ကိုယ့်ဖက်ကစိတ်မပါပဲ
ယောင်္ကျားလေး ပါတနာက ဆွဲဆောင်ဖြားယောင်း
လာတဲ့အခါ ဒါမှမဟုတ် ခြိမ်းခြောက်အကြပ်ကိုင်
လာတဲ့အခါ၊ အတင်းအကြပ် ဖိအားပေးလုပ်ဆောင်
လာတဲ့အခါ အခြေနေကို ဘယ်လိုရင်ဆိုင်သင့်ကြောင်း၊
ဘာတွေကို လုပ်ဆောင်သင့်ကြောင်းကို သေသေချာချာ
သင်ကြားပေးထားဖို့လိုပါတယ်။တကယ်လို့
မိမိဘက်ကပါ စိတ်ပါလို့ ဆက်ဆံမိတဲ့အခါ
အကာကွယ်နဲ့ ဆက်ဆံဖို့ကိုလည်း သေချာရှင်းပြ
ပေးဖို့လိုပါတယ်။ယဉ်ကျေးမှုစံနှုန်း၊ဘာသာရေး
စံနှုန်းတွေနဲ့ ထိန်းချုပ်တားဆီးရုံနဲ့ကတော့
ထိထိရောင်ရောက်မတားဆီးနိုင်တဲ့အပြင်
ပိုတောင် ဆိုးရွားစေနိုင်ပါသေးတယ်။

ဆယ်ကျော်သက်အရွယ် လိင်ဆက်ဆံမှုတွေ
များနေတယ်ဆိုတာကို သေချာဖို့ ရှည်ရှည်
ဝေးဝေးတော့ ကြည့်ဖို့ လိုမယ်မထင်ဘူး။
တည်းခိုခန်းကောင်တာတွေမှာ ၁ နာရီလောက်
ထိုင်ကြည့်လိုက်တာနဲ့တင် အဖြေပေါ်မှာပါ။
သင်္ကြန်နဲ့ ချစ်သူများနေ့လို အခါကြီးရက်ကြီး
တွေမှာ တည်းခိုခန်း၊ ဟိုတယ်သွားတဲ့ သမီး
ရည်းစားတွေကို ကြည့်ရင် တွေ့နိုင်တယ်။

ကျနော့်အနေနဲ့ကတော့ အပျိုရည်ပျက်တဲ့
အမျိုးသမီးတွေ၊ တရားဝင်လက်ထပ်တဲ့
အဆင့်ထိ မရောက်ပဲ ရည်းစားနဲ့ လိင်ဆက်ဆံ
ဖူးခဲ့တဲ့ အမျိုးသမီးတွေ ၊ ရည်းစားဘဝနဲ့
နှစ်ဦင်္းသဘောတူ လိင်ဆက်ဆံကြတဲ့
စုံတွဲတွေကို ရှုံ့ချတဲ့ အမြင်နဲ့ တစ်ခါမှ
မကြည့်ပါဘူး။ ဒါမျိုးကို ရှုံချစရာအဖြစ်
ကြည့်မြင်လိုက်တဲ့သူတွေကိုယ်တိုင်က
လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လွပ်လပ်ခွင့်ကို
လိုက်ထိပါးရာ ကျပါတယ်။

ကျနော်တို့
လူ့အသိုင်းအဝိုင်းက မဟာဖိုဝါဒ ဆံတယ်။
ယောင်္ကျားလေးတစ်ယောက်က ပြည့်တန်ဆာ
နဲ့ ဆက်ဆံတဲ့အခါ အပြစ်လို့ သိပ်မမြင်ကြ
ပေမယ့် မိန်းကလေးက ချစ်သူရည်းစားနဲ့
တစ်ခါလောက် ညအိပ်မိတာကို လူမိယုံနဲ့
မိန်းမပျက်လို့ အပြောခံရလေ့ရှိတယ်။
ပြည့်တန်ဆာအလုပ်လုပ်ကြတဲ့ အမျိုးသမီးတွေ
အရပ်ထဲ ရှုံ့ချ၊ပစ်ပယ်ခံရဆဲပါ။
စာရေးဆရာမ ကြည်အေး
ဟန်နဲ့ ပြောရရင် မိန်းမ တစ်ယောက်ဟာ
သူ့မှာ လိင်ပိုင်းဆိုင်ရာ အခွင့်အရေးတွေ
အပြည့်ရှိပါတယ်။

မိမိဆန္ဒအရ ၊
မိမိကြေနပ်မှုအရ မိမိကိုယ်ခန္ဓာ
အစိတ်အပိုင်းတွေကို မိမိဘာသာ လွပ်လွပ်လပ်လပ်
အသုံးချခွင့်ရှိပါတယ်။ အရေးကြီးတာက
မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့စိတ် self-esteem
နဲ့ မိမိကိုယ်ကို ကာကွယ်တဲ့ ကျန်းမာရေး
အသိစိတ်ဓာတ်တို့ပဲ ရှိနေဖို့ လိုအပ်ပါတယ်။
ဘယ်အမျိုးသမီးမဆို မိမိကိုယ်ခန္ဓာ
အစိတ်အပိုင်းတွေကို မိမိသာပိုင်ဆိုင်ပြီး
အဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မိမိဆန္ဒအရ
သူတစ်ပါးကို မထိခိုက်စေပဲလွပ်လွပ်လပ်လပ်
အသုံးချမှုအပေါ် သူတစ်ပါးရဲ့ ဆုံးဖြတ်သတ်မှတ်ချက်
ပေးခံရဖို့အတွက် ဇာတာ ၊ ကံကြမ္မာဆိုတာ
ဘယ်တော့မှ ပါမလာဘူး။

Credit to Original Writer



No comments: