ဆန္ဒပြသူများအပေါ် အင်အား အလွန်အကျွံ အသုံးပြုမှု ရှောင်ရှားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုပြင် ပြောင်းလဲမည်ဟု ဆို
Tuesday, May 17, 2016
ယခင်က ဆန္ဒပြသူများအပေါ် ရဲတပ်ဖွဲ့ဝင်များက အင်အားအလွန်အကျွံ အသုံးပြုမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် ပြည့်စုံလုံလောက်စွာ သင်တန်းပေးသည့် စနစ်မရှိခြင်းကြောင့်ဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့ပြီး ထိုကဲ့သို့ပိုမို ပြည့်စုံ သည့် သင်တန်းပေးသည့်စနစ် ဖော်ဆောင်မည်ဖြစ်ကြောင်း မေ ၁၆ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNODC တို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေးဆိုင်ရာ နည်းစနစ်များ တိုးတက်ကောင်းမွန်ရေးအတွက် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေး သုံးသပ်ခြင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
၂၀၁၅ခုနှစ် မတ် ၁၀ ရက်က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းတွင် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင်းခဲ့မှုအပေါ် နိုင်ငံတကာမှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဉ်အပြီး ဆန္ဒပြကျောင်းသားများနှင့် ၀န်းရံ ပြည်သူ များ ထိခိုက်ဒဏ်ရာရမှု အများအပြား ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် UNODC ၏ အစီရင်ခံစာ ထုတ်ပြန်အပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင် ပြောင်းလဲ မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
UNODC အစီရင်ခံစာတွင် ရဲတပ်ဖွဲ့ဝင်များ၏ သင်တန်းပေးမှုများ တိုးတက် စေရန်အတွက် အသုံးအဆောင်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်းနှင့် အကျင့် ပျက် ခြစားမှုဆိုင်ရာ ရာဇ၀တ်မှုများကဲ့သို့သော သီးသန့်ကိုင်တွယ်ရမည့် ကိစ္စရပ်များအတွက် လေ့ကျင့်သင်ကြားမှုများ ပါဝင်သည်။
ထို့ပြင် လက်ရှိသင်တန်းပေးမှုများကို ပြန်လည်စိစစ်ထားပြီးမည်သည့် နေရာ များတွင် တိုးတက်မှုများ လုပ်ဆောင်ရမည်ကိုလည်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည့်အပြင် နိုင်ငံတကာ ရဲသင်တန်းစံနှုန်းများ နှင့် မကိုက်ညီ သည့် အချက်များကိုလည်း အလေးပေး ဖော်ပြထားသည်။
လက်ရှိရဲသင်တန်းပေးမှုများတွင် လူ့အခွင့်အရေး ချိုးဖောက်မှု မဖြစ်စေ ရန်နှင့် အသိုင်းအ၀ိုင်းအတွင်း အကြမ်းဖက်မှုများကို ဖြေရှင်းရေးကဲ့သို့သော ကိစ္စရပ်များ ပါဝင်ခြင်း မရှိကြောင်းလည်း UNODC က ထောက်ပြထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်သိန်းဦးကလည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လူမှုအသိုင်းအ၀ိုင်းတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်များကို ဖြေရှင်းရေး ဆိုင်ရာ အသိပညာများ လိုအပ်ကြောင်း ၀န်ခံပြောကြားသည်။
ထို့ပြင် ဆန္ဒပြသူများနှင့် စတင် ထိတွေ့ရာတွင် အင်အားအသုံးပြုရန် မလို အပ် ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
“သူတို့ကမညှိနှိုင်းချင်ဘူးဆိုရင်၊ ဥပဒေကို ချိုးဖောက်ချင်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အရေးယူရပါမယ်။ ဒါပေမဲ့ အင်အား အလွန်အကျွံ မသုံးရပါဘူး။ ထိန်းညှိရုံပါပဲ။ ဒါကြောင့် ပထမဆုံး ကျွန်တော်တို့အနေနဲ့ တွေ့ဆုံညှိနှိုင်း ရပါမယ်။ ဥပဒေကို မချိုးဖောက်ရပါဘူး။ တကယ်လို့ ချိုးဖောက်တယ်ဆိုမှသာ ကျွန်တော်တို့အနေနဲ့ အရေးယူရမှာပါ” ဟု ဒုတိယရဲချုပ်က ပြောကြားသည်။
UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. TroelsVester က မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုင်းအ၀ိုင်းနှင့် ပိုမို နီးစပ်လာသည့် အတွက် စိန်ခေါ်မှုအသစ်များ ကြုံတွေ့လာနိုင်ကြောင်း ပြောကြားသည်။
“တစ်ခုကအကြမ်းဖက်မှုပါ။ နောက်တစ်ခုက ငွေကြေးခ၀ါချမှု။ နောက်တစ်ခု ကတော့ လူကုန်ကူးမှုပါ။ ဒါ့အပြင် ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ လက်နက် ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နေတာကို ကျွန်တော်တို့ သတိထားမိပါတယ်။ ဒါပေမဲ့ (ပြဿနာတစ်ခုကို) အရင်ဆုံး ကိုင်တွယ်ဖြေရှင်းရမယ့် ရဲတပ်ဖွဲ့ဝင် တွေကို လူမျိုးစုမတူတဲ့သူတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ သင်ကြား ထားတာ မရှိပါဘူး။ တကယ်လို့ သင်သာဒီလို (ပြဿနာတစ်ခုကို) အရင်ဆုံး ကိုယ်တွယ် ဖြေရှင်းရမယ့်သူဖြစ်ပြီး လူမျိုးစု မတူတဲ့သူတွေနဲ့ ဘယ်လို ဆက်ဆံ ရမလဲမသိဘူးဆိုရင် ဒီကိစ္စကို ဖြေရှင်းတဲ့နေရာမှာ အခက်အခဲ တွေ့နိုင်ပါတယ်။ ဒီတော့ ဒီကိစ္စဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့လည်း ဆက်နွှယ်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
Writer: ဇေယျာနန္ဒ
Eleven Media Group
မေ ၁၆ ရက်က နေပြည်တော်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် UNODC တို့ ပြုလုပ်သည့် ဆွေးနွေးပွဲအားတွေ့ရစဉ်
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, May 17, 2016
ဆန္ဒပြသူများအပေါ် အင်အား အလွန်အကျွံ အသုံးပြုမှု ရှောင်ရှားရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုပြင် ပြောင်းလဲမည်ဟု ဆို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment