Monday, May 2, 2016

နိုင်ငံတော်ကို နှောင့်ယှက် ဖျက်စီးလိုသူများဘေးအန္တရာယ်မှကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့တင်

နိုင်ငံတော်ကို နှောင့်ယှက် ဖျက်စီးလိုသူများဘေးအန္တရာယ်မှကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့တင် ----------------------- နေပြည်တော်၊ မေ ၂ ---------------------- ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် ပြဌာန်းခဲ့သည့် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်စီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေဖျက်သိမ်းနိုင်ရန် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။ “ဒီဥပဒေဟာ အခုခေတ်ရဲ့ အချိန်ကာလ မကိုက်ညီတော့တာကြောင့် ပြန်ရုပ်သိမ်းခြင်းကို အတည်ပြုပေးရန် လွှတ်တော်သို့ တင်ပြပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန် ကပြောသည်။ ယင်းဥပဒေသည် နိုင်ငံတော်၏ ဒေသတစ်ခုခုတွင်ဖြစ်စေ၊ ဒေသအချို့တွင်ဖြစ်စေ၊ နိုင်ငံတော် တစ်ဝှမ်းလုံးတွင် ဖြစ်စေ အရေးပေါ်အခြေအနေ ကြေညာပြီး ထိုဒေသများတွင် နေထိုင်သော နိုင်ငံသားများ၏ မူလအခွင့်အရေး တစ်ရပ်ရပ်ကိုလည်းကောင်း၊ အများကိုလည်းကောင်း လိုအပ်သလို ကန့်သတ်နိုင်ရန် ပြဌာန်းခဲ့သည့် ဥပဒေ ဖြစ်ကြောင်းသိရသည်။ “အာဏာရှင်စနစ်တုန်းက နိုင်ငံရေးသမားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အချိန်အကြာကြီး ထိန်းသိမ်းထားမယ် ဆိုတဲ့ ရေးဆွဲထားတဲ့ ဥပဒေမျိုးပေါ့၊ နိုင်ငံရေးသမားတွေကို ဆွဲစရာပုဒ်မ မရှိတော့ဘူးဆိုရင် နိုင်ငံရေးသမား တွေကို ဒီဥပဒေနဲ့ နှစ်ပေါင်းအကြာကြီး ထိန်းသိမ်းထားတာပေါ့” ဟု မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။ ယင်းဥပဒေသည် မူလပြစ်ဒဏ် သုံးနှစ်သတ်မှတ်ထားသော်လည်း ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီး နည်းဥပဒေများဖြင့် ထပ်မံပြင်ဆင်ကာ ပုဒ်မ ၁၀(က)၊ ၁၀(ခ)တို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဟံသာဝတီ ဦးဝင်းတင် အစရှိသည့် ထိပ်တန်းနိုင်ငံရေးသမားများစွာ ပြစ်ဒဏ်ကျခံခဲ့သည့် ဥပဒေဖြစ်သည်။ ယနေ့တင်သွင်းသည့် ဖျက်သိမ်းလိုသည့်ဥပဒေနှင့် ပတ်သက်၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စား လှယ်သည် မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ရုံးညွန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့ရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောသည်။ ကိုပေါက် The Ladiees News

No comments: