မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, March 3, 2016
နောင်လုံတိုးဂိတ်တွင် သေနတ်ပစ်ဖောက်ခဲ့သူကို လက်နက်မျိုးစုံ ခုနစ် လက်နှင့်အတူ ဖမ်းမိ
နောင်လုံတိုးဂိတ်တွင် သေနတ်ပစ်ဖောက်ခဲ့သူကို လက်နက်မျိုးစုံ ခုနစ် လက်နှင့်အတူ ဖမ်းမိ
--------------------------------------------------
မြဝတီ၊ မတ် ၂
ဘားအံမြို့နယ် အိန္ဒုကျေးရွာနှင့် ဝဲကနင်ကျေးရွာအကြား ဘားအံ- မြဝတီ ကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ နောင်လုံတိုးဂိတ်တွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်က သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခဲ့သူကို လက်နက်မျိုးစုံ ခုနစ်လက်နှင့်အတူ ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဘားအံခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်က နောင်လုံတိုးဂိတ်အတွင်း အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကာဒီးနား (စက်ရုပ်)အမျိုးအစား
မော်တော် ယာဉ်မောင်းက တိုးဂိတ်မောင်းတံအား ဝင်တိုက်ခဲ့ပြီး တိုးဂိတ်တွင် တာဝန်ထမ်းဆောင်နေသူများကို သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငါးချက် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်ခဲ့ပြီးနောက် အိန္ဒုကျေးရွာ ဘက်သို့ ထွက်သွားကြောင်း လုံခြုံရေးကင်မရာ မှတ်တမ်းအရ သိရှိ ရသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ မတ်လ ၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အိန္ဒုနယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောကြားသည်။
ဖမ်းဆီးရမိသူမှာ ဘားအံမြို့နယ် မြပြည်သရက်တော ကျေးရွာတွင်နေ ထိုင်သည့် စောပုံးပုံးဖြစ်ကြောင်း၊ ၄င်းကို ဘားအံမြို့နယ် နောင်လုံ အနောက် ကျေးရွာအုပ်စု ရွှေလှိုင်ကျေးရွာရှိ ယာယီပြုလုပ်ထားသော တဲတစ်လုံးအတွင်း ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း၊ စောပုံးပုံးနှင့် အတူ စောတင်သိန်း(ခ) ဘတင်၊ စန်းညို (ခ) မောင်ကျော်တို့ထံမှ AK-47 တစ်လက်၊ M-16 သုံးလက်၊ M41/A-1 လောင်ချာတွဲတစ်လက်၊ 38 ပစ္စတို တစ်လက်၊ 9MM ပစ္စတို (Smith Wesson) တစ်လက်၊ ၅ဒသမ ၅၆ ကျည် (၂၂၂) တောင့်၊ ၉ မမ ကျည် ၂၃ တောင့်၊ AK-47 ကျည် ငါးတောင့်၊ ၄ဝ မမဗုံးသီး ၁၈ လုံး၊ AK-47 ကျည်အိမ်တစ်ခု၊ M-16 ကျည်အိမ် (၁၁) ခု၊ ၉ မမကျည်အိမ်တစ်ခု၊ 38 ပစ္စတိုကျည်အိမ်တစ်ခု၊ အချက်ပြမီး ကျည်နှစ်တောင့်၊ လက်ကိုင်ဖုန်း လေးလုံးတို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ပြီး စောပုံးပုံး စီးနင်းခဲ့သည့် မော်တော်ယာဉ်တစ်စီးကိုပါ သိမ်းဆည်းရမိ ခဲ့ကြောင်း အိန္ဒုနယ်မြေရဲစခန်း၏ ကနဦးစစ်ဆေးချက်များအရ သိရသည်။
ဘားအံမြို့နယ် မြပြည်သရက်တော ကျေးရွာတွင်နေထိုင်သည့် စောပုံးပုံး၏နေအိမ်သို့ မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဝင်ရောက် ရှာဖွေရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေး ၁ဝ ပြား၊ အလေးချိန် တစ်ဂရမ်ခန့်၊ မူးယစ်ဆေးဝါးနှင့် လက်နက်တို့ဖြင့် ဆက်နွယ်ရရှိခဲ့သည့် ရွှေထည်ပစ္စည်း မျိုးစုံ တစ်ပိဿာ သုံးကျပ်သား၊ မြန်မာငွေ ကျပ် ၂၂၂ သိန်း၊ ထိုင်းဘတ်ငွေ သုံးသိန်းတစ်သောင်းတို့ ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း ယင်းစစ်ဆေးချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်လက်နက်ခဲယမ်းကိုင်ဆောင် သူ စောပုံးပုံး၊ စောတင်သိန်း (ခ) ဘတင်၊ စန်းညို(ခ) မောင်ကျော်တို့ကို အိန္ဒုနယ်မြေရဲစခန်းက (ပ) ၉/၂ဝ၁၆၊ လက်နက်ပုဒ်မ ၁၉ (စ) တို့ဖြင့် အမှုဖွင့်ထားပြီး မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ဒေါ်ခင်မြင့် (ခ) ဒေါ်မြင့်ကြဲနှင့် ၄င်း၏ခင်ပွန်းဖြစ်သူ စောပုံးပုံတို့ကို မယ (ပ) ၆/၂ဝ၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ) / ၂ဝ(က)/၂၁တို့ ဖြင့် အမှုဖွင့်ထားကြောင်း ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment