Friday, November 6, 2015

ကြွေးကြော်တာက ဒီမိုကရေစီ လုပ်နေတာက တစ်ခြားစီ

ကြွေးကြော်တာက ဒီမိုကရေစီ လုပ်နေတာက တစ်ခြားစီ

ဒီမိုကရေစီစနစ်တစ်ခုမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာ ပြောဆိုခွင့်ရှိတယ်ဆိုပေမယ့်ကိုယ့်ရဲ့လွတ်လပ်ခွင့်ဟာ သူများတကာကို စိတ်အနှောင့်အယှက်ဖြစ်စေလောက်တဲ့အထိ နေချင်တိုင်းနေ၊ ပြောချင်တိုင်းပြောလို့ တော့မရ ပါဘူး။ ဒီမိုကရေစီကို အကြောင်းပြပြီး စိတ်ထင်တိုင်းလုပ်နေကြမယ်ဆိုရင်တော့ စည်းမဲ့ကမ်းမဲ့ တိုင်းပြည်တစ်ခု သာ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်တစ်ခုဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဖြစ်ဖို့တော့ လိုပါ တယ်။ အင်အားကြီး ဒီမိုကရေစီနိုင်ငံတွေမှာတောင် ကိုယ့်ရဲ့လွတ်လပ်ခွင့်ဟာ အများသူငါကို ထိခိုက်မှုမရှိစေဖို့ အတွက် တင်းကြပ်တဲ့စည်းကမ်းတွေကို ချမှတ်ထားကြတာဖြစ်ပါတယ်။ ဒီတော့ဒီမိုကရေစီစနစ်ကို စပြီးကျင့်သုံး နေတဲ့ နိုင်ငံများအတွက်တော့ ဆိုဖွယ်မရှိပါဘူး။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အဲဒီလိုမဟုတ်။ ဒီမိုကရေစီစနစ်ကို လိုလားပါတယ်၊ ထောက်ခံပါတယ် ဆိုသူများ ကိုယ်တိုင်က စည်းမဲ့ကမ်းမဲ့လုပ်ကိုင်နေကြတာကို တွေ့မြင်နေရပါတယ်။ စည်းမဲ့ကမ်းမဲ့လုပ် ဆောင်မှုများကို လွတ်လပ်ခွင့်ဆိုတာနဲ့ ရောယှက်ချင်နေကြပါတယ်။ ဒီမိုကရေစီခေတ်ဆိုပြီး လမ်းပေါ်မှာ အရက်မူးပြီး အိပ်ချင် နေကြတယ်။ မဲဆွယ်စည်းရုံးတာကို အကြောင်းပြပြီး အိုးစည်၊ ဒိုးပတ်အစုံအလင်နဲ့ လမ်းပေါ်ထွက်ပြီး မြူးထူး သောက်စား ပျော်ပါးနေကြပါတယ်။ တလောကပဲ မူးယစ်သောက်စားပြီး မဲဆွယ်ထွက်နေတဲ့ ပါတီဝင်တချို့နဲ့ ပြည်သူအချို့ ကွမ်းယာဆိုင်ကနေစကားများရန်ဖြစ်ရာကစပြီးကိုယ်စားလှယ်လောင်းတစ်ယောက် ဓားနဲ့အခုတ်ခံ လိုက်ရလို့ ဆေးရုံရောက်ရပါတယ်။ လူအုပ်နဲ့ကလည်းဖြစ်၊ သောက်စားမူးယစ်ထားတာလည်းဖြစ်တော့ ဘယ်သူ့ ကိုမှလူမထင်ကိုယ်ထင်ရာကိုယ်စိုင်းပြီး ငါတို့ကအမတ်လောင်းကွဆိုတာမျိုးလုပ်ပြနေမှတော့ ရန်ပွဲကဖြစ် ပြီပေါ့။
နောက်ပြီး မဲဆွယ်စည်းရုံးရေးထွက်နေတာဆိုတဲ့ အကြောင်းပြချက်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းက လည်းမလိုက်နာ ပါတီတံဆိပ်ပါတဲ့ အ၀တ်စကို ခေါင်းမှာစည်းပြီး လမ်းသလားနေကြသူတွေကလည်း ဒုနဲ့ဒေး ပါပဲ။ ဆိုင်ကယ်လည်းမှောက်ရော ခေါင်းကွဲ၊ နဖူးပြဲနဲ့ သွေးကအလိမ်းလိမ်းဖြစ်ပြီပေါ့။ အဲဒီ ပါတီအ၀တ်စတွေက ယာဉ်မတော်တဆဖြစ်ရင် အသက်အန္တရာယ်ကိုအကာအကွယ်ပေးမှာ မဟုတ်ဘူးဆိုတာလောက်တော့ ဆင်ခြင် ပြီးလိုက်နာသင့်ပါတယ်။ အခုတော့ ကိုယ့်ဘာသာ စည်းကမ်းမလိုက်နာလို့ အန္တရာယ်ဖြစ်မှ ဘေးလူကို အပြစ်က ဆိုချင်ကြပါသေးတယ်။
အောက်တိုဘာလ ၃ ရက်နေ့ကလည်း ညောင်ဦးမြို့နယ်ကို မဲဆွယ်စည်းရုံးရေးသွားခဲ့တဲ့ အတိုက်အခံပါတီ ကြီးက ယာဉ်မောင်း စည်သူတစ်ယောက် သောက်စားမူးယစ်ပြီး ကားမောင်းခဲ့လို့ သူကိုယ်တိုင်နဲ့ မဲဆွယ်ကား လည်း စုတ်ပြတ်သတ်သွားခဲ့ရသလို မဆီမဆိုင်နဲ့ အနာတရဖြစ်ပြီး ဒုက္ခရောက်သွားရတဲ့ ပြည်သူတွေလည်း မနည်းပါဘူး။ ယာဉ်ပေါ့ဆမှုကြောင့် ရှေ့ကနေမောင်းနေတဲ့ လမ်းပေါ်မှာရှိသမျှ ဆိုင်ကယ်သမားတွေကို တိုက်ချ သွားလို့ အားလုံးအနာတရဖြစ်သွားရပါတယ်။ အရှိန်မထိန်းနိုင်တဲ့ကားက အဲလောက်နဲ့ အဆုံးမသတ်သွား သေးပါဘူး။ လမ်းဘေးက ဆိုင်ခန်းတစ်ခုထဲအထိ ၀င်တိုက်သွားလို့ ဆိုင်ထဲမှာရှိတဲ့ ပြည်သူ ၆ ဦး ဒဏ်ရာ ထပ်ရခဲ့ပါသေးတယ်။ ဒါဟာ ကိုယ့်လွတ်လပ်ခွင့်ပဲဆိုပြီး စည်းကမ်းမဲ့လုပ်ခဲ့လို့ မဆိုင်တဲ့ ပြည်သူ တွေအနာတရ ဖြစ်ခဲ့ရတာပါ။ မဲဆွယ်စည်းရုံးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမူးသမားတစ်ယောက်က မောင်းချင်သလို မောင်းနိုင်အောင် စီစဉ်ပေးခဲ့တဲ့ Hiace ကားပိုင်ရှင်ကလည်း ညောင်ဦးမြို့နယ် NLD ပါတီမှ ပြန်ကြားရေး တာဝန်ခံ ဦးဝဏ္ဏအောင်ဖြစ်တယ်လို့သိရပါတယ်။ ပါးစပ်ကတော့ ဒီမိုကရေစီဆိုပြီးကြွေးကြော် နေပေမယ့် တကယ့်လက်တွေ့မှာတော့ ယာဉ်စည်းကမ်းကိုတောင် မလိုက်နာနိုင်တဲ့ ပါတီဝင်တွေဖြစ်နေတာဟာ ၀မ်းနည်း စရာကောင်းပါတယ်။
အဲဒီမတိုင်ခင်တလောကလည်းရှမ်းပြည်နယ်ခရီးစဉ်တစ်ခုဖြစ်တဲ့ဆီဆိုင်မြို့နယ်ထဲမှာမဲဆွယ်စဉ်တုန်းက မဲဆွယ် ကားပေါ်ကို ပညာသင်ကြားနေတဲ့ ဘော်ဒါဆောင်ကကျောင်းသူ၊ကျောင်းသားလေးတွေကို အတင်း ခေါ်သွားခဲ့ လို့ ယာဉ်တိမ်းမှောက်တဲ့အခါမှာ ဒဏ်ရာအနာတရ ဖြစ်ခဲ့ကြရပါသေးတယ်။ အရက်မူးပြီး လမ်းပေါ်အိပ်တာ ဒီမို ကရေစီမဟုတ်ဘူး။ လမ်းပေါ်မှာ လူအုပ်နဲ့ သောက်စားမူးယစ်ပြီး လျှောက်သွားနေပြီး ရန်ဖြစ်လို့ ပြဿနာတက် မှ မဲဆွယ်နေတာပါလို့ အကြောင်းပြတာဟာ ဒီမိုကရေစီမဟုတ်ဘူး။ မဲဆွယ်သွားနေတဲ့ကားကို သောက်စား မူးယစ်ပြီး မောင်းနှင်ခဲ့လို့အပြစ်မဲ့ပြည်သူတွေကို ထိခိုက်ဒဏ်ရာရစေတာ ဒီမိုကရေစီ မဟုတ်ဘူး။ အသက်မပြည့် သေးတဲ့ ကလေးတွေကို မဲဆွယ်ကားပေါ် အတင်းခေါ်သွားတာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒါတွေအားလုံး ဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာကိုအကြောင်းပြပြီးသူတစ်ပါးကိုထိခိုက်နစ်နာစေလောက်တဲ့အထိ လုပ်ဆောင် နေတာဟာ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေသာဖြစ်ပါတယ်။
ခိုင်ဆွေ



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: