Saturday, November 14, 2015

ဆိုးရွားသည့် အကြမ်းဖက် တိုက်ခိုက်မှုကြီးအပြီး ပါရီတွင် အရေးပေါ် အခြေအနေ အမြင့်ဆုံးအဆင့် ထုတ်ပြန်

ဆိုးရွားသည့် အကြမ်းဖက် တိုက်ခိုက်မှုကြီးအပြီး ပါရီတွင် အရေးပေါ် အခြေအနေ အမြင့်ဆုံးအဆင့် ထုတ်ပြန်
Saturday, November 14, 2015

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော် သမိုင်းတွင် အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီး တစ်ခုနှင့် ကြုံခဲ့ရပြီးနောက် အရေးပေါ် အခြေအနေ အမြင့်ဆုံးအဆင့် သတ်မှတ်ထားပြီး တစ်မြို့လုံးတွင် လုံခြုံရေး တပ်ဖွဲ့များကို ဖြန့်ကျက်ထားလိုက်ပြီ ဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ပါရီမြို့တော်အတွင်း နေရာအချို့ကို အကြမ်းဖက်သမားများက တစ်ပြိုင်တည်းလိုလို စီးနင်းတိုက်ခိုက်ခဲ့ရာ လူ ၁၅၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့သည်။

Bataclan ပြဇာတ်ရုံတွင် သေနတ်သမားများက ဝင်ရောက်စီးနင်းပြီး ဓားစာခံများကို တစ်ဦးချင်းစီ သွေးအေးအေး ပစ်သတ်ခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည်။ ပါရီရှိ Stade de France အားကစားကွင်းကြီးတွင် ပြင်သစ်နှင့် ဂျာမနီ လက်ရွေးစင် ဘောလုံးအသင်းများ ချစ်ကြည်ရေးပွဲ ယှဉ်ပြိုင်မှုကိုလည်း အကြမ်းဖက် သမားများက ပစ်မှတ်ထားခဲ့ရာ ကွင်းအပြင် လက်မှတ်ရောင်းချရာ နေရာအနီး၌ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သည်။ မြို့လယ်ခေါင်ရှိ စားသောက်ဆိုင်များ၊ ဘားများတွင်လည်း ပစ်ခတ်မှု၊ အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

Bataclan ပြဇာတ်ရုံကို တိုက်ခိုက်မှုသည် အဆိုးရွားဆုံးဖြစ်ပြီး ပြင်သစ် အထူးတပ်ဖွဲ့များက အဆောက်အအုံအတွင်း ဝင်ရောက်ထိုးဖောက် စီးနင်းကာ အကြမ်းဖက်သမားများကို ပစ်သတ်လိုက်မှ အဆုံးသတ်သွားခဲ့သည်။ မျက်မြင်များက အကြမ်းဖက်သမားများသည် လူပေါင်းများစွာကို ဖမ်းဆီးထားပြီးနောက် ဓားစာခံများကို ကြမ်းပေါ် မှောက်ခိုင်းကာ ရက်စက်စွာ ပစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းသည် တစ်နိုင်ငံလုံးကို အရေးပေါ် ကြေညာချက် ထုတ်ပြန်ပြီး ပါရီမြို့တော်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅၀၀ ကျော်မျှကို တပ်ဖြန့် နေရာချထားခဲ့သည်။ ထို့အပြင် မြို့သူမြို့သားများ အနေဖြင့်လည်း နေအိမ်ထဲမှ မထွက်ကြရန် အစိုးရက ညွှန်ကြားထားသည်။

ပြင်သစ် လုံခြုံရေး တပ်ဖွဲ့များက အကြမ်းဖက် သေနတ်သမား အနည်းဆုံး ၈ ဦးမျှကို သုတ်သင်ခဲ့ပြီး ဖြစ်သော်လည်း နောက်ထပ် မည်မျှထိ လွတ်မြောက်နေဆဲ ဖြစ်သည်ကို တိတိကျကျ မသိရသေးချေ။ အကြမ်းဖက် တိုက်ခိုက်ရသည့် အကြောင်းရင်းကို အတည်မပြုနိုင်သေးသော်လည်း Bataclan ပြဇာတ်ရုံမှ အသက်ရှင်လျက် လွတ်မြောက်လာသူ တစ်ဦးက သေနတ်သမားများသည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့ကို ထောက်ခံသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒါက ဟော်လန်းရဲ့ အပြစ်ပဲ။ ဆီးရီးယားအရေးမှာ သူ ဝင်မစွက်ဖက်သင့်ဘူး”ဟု သေနတ်သမားက အော်ဟစ်နေခဲ့ကြောင်း မျက်မြင်ဖြစ်သူက ဆိုသည်။ ပြင်သစ်သည် အမေရိကန်နှင့် လက်တွဲကာ ဆီးရီးယား၌ အိုင်အက်စ် စစ်ရေးပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

ပါရီတွင် ဇန်နဝါရီလ အစောပိုင်းက Charlie Hebdo မဂ္ဂဇင်းတိုက်နှင့် ဂျူးလူမျိုးပိုင် စူပါမားကက်တစ်ခု၊ ကင်းလှည့်နေသည့် ရဲမေတစ်ဦးတို့ကို အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ဖူးပြီး ထိုစဉ်က စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့သည်။ သို့သော် လူပေါင်း ၁၅၀၀ ဝင်ဆံ့သည့် Bataclan ပြဇာတ်ရုံကို စီးနင်းတိုက်ခိုက်မှုသည် အသေအပျောက် အများဆုံး၊ အရက်စက်ဆုံး အကြမ်းဖက်မှုကြီး ဖြစ်လာသည်။ အမေရိကန် Rockဂီတအဖွဲ့ Eagles of Death Metal ဖျော်ဖြေမည့် အစီအစဉ်အတွက် ပြဇာတ်ရုံတွင် လက်မှတ်အားလုံး ရောင်းချထားပြီး ဖြစ်သည်။

စနစ်တကျ ကြိုတင်ပြင်ဆင်ထားဟန်ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှုများသည် ပါရီမြို့လယ်ရှိ Place de la Repbliqueမှသည် Place de la Bastlleထိ နေရာအနှံ့ ဖြစ်ပေါ်ခဲ့သည်။ ဒေသစံတော်ချိန် ည ၁၁း၀၀ နာရီ ဝန်းကျင်သည် ပါရီ၏ စားသောက်ဆိုင်နှင့် ဘားများတွင် လူဝင်လူထွက် အစည်ကားဆုံး အချိန်မျိုးလည်း ဖြစ်သည်။

အကြမ်းဖက်သမားများ၏ နောက်ထပ် ပစ်မှတ်တစ်ခုဖြစ်သည့် Stade de France ဘောလုံးကွင်းကြီးတွင် သမ္မတ ဟော်လန်းသည် ပရိသတ် ၈၀၀၀၀ ကျော်နှင့်အတူ ဘောလုံးပွဲကို တက်ရောက်ကြည့်ရှု အားပေးလျက် ရှိသည်။ အစိုးရ အရေးပေါ် အစည်းအဝေးများ ပြုလုပ်ရာ နိုင်ငံတော် ရိပ်သာအနီး ပေါက်ကွဲသံသုံးခု စကြားရသည်နှင့် တစ်ပြိုင်နက် ကိုယ်ရံတော်များက သမ္မတကို ဘေးကင်းရာသို့ ခေါ်ထုတ်သွားကြသည်။ ထိုနေရာတွင် အကြမ်းဖက်သမား သုံးဦးကို လုံခြုံရေး တပ်ဖွဲ့များက သုတ်သင်ခဲ့သည်။

နောက်ထပ် တစ်နာရီအတွင်းတွင် ပြဇာတ်ရုံကို အထူးတပ်ဖွဲ့က စီးနင်းပြီး သေနတ်သမား လေးဦးကို သတ်ဖြတ်ခဲ့ပြန်သည်။ ယင်းတို့အနက် တစ်ဦးမှာ လုံခြုံရေး တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး သုံးဦးမှာ ၎င်းတို့ကိုယ်ကို အသေခံ ဖောက်ခွဲသွားခဲ့သည်။ ပါရီမြို့ အရှေ့ဘက် လမ်းမတွင် နောက်ထပ် သေနတ်သမား တစ်ဦးကို ပစ်သတ်ခဲ့ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ထို့နောက်တွင် ပြင်သစ် သမ္မတ ဟော်လန်းက ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် အခြေအနေ အမြင့်ဆုံး သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်အရ လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် အများပိုင် ဧရိယာများကို ပိတ်ဆို့ခွင့်၊ ညမထွက်ရ အမိန့်ထုတ်ပြန်ခွင့်၊ လူအများနှင့် မော်တော်ယာဉ် သွားလာမှုများကို ကန့်သတ်ခွင့်များ ပြဋ္ဌာန်းနိုင်မည် ဖြစ်သည်။

Bataclan ပြဇာတ်ရုံသို့ ကိုယ်တိုင် သွားရောက်ခဲ့ပြီးနောက် သမ္မတ ဟော်လန်းက “အကြမ်းဖက်မှုတွေကို အညှာအတာမရှိ တုံ့ပြန် တိုက်ခိုက်သွားမယ်”ဟု ကတိပြု ပြောကြားသွားသည်။ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ယခုဖြစ်ရပ်သည် အပြစ်မဲ့ ပြည်သူများကို တိုက်ခိုက်ရန်ပြုသည့် စက်ဆုပ်စရာ လုပ်ရပ်ဟု ရှုတ်ချခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြင်သစ်အစိုးရကို အစွမ်းကုန် အကူအညီ ပေးသွားမည်ဟု ကြေညာခဲ့သည်။

Ref: CNN
7Day Daily



No comments: