Saturday, November 14, 2015

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့ မိုတယ် တွင် တပ်မတော် ဗိုလ်ကြီးတစ်ဦး အသတ်ခံရ

မြန်မာ-ထိုင်းနယ်စပ် မြ၀တီမြို့ မိုတယ် တွင်
တပ်မတော် ဗိုလ်ကြီးတစ်ဦး အသတ်ခံရ

============================================

မြန်မာ- ထိုင်းနယ်စပ် မြ၀တီမြို့ ဗိုလ်ချုပ်လမ်းရှိ ရွှေဝတ်လွှာ မိုတယ် အခန်း
နံပါတ် (၃၁၀) တွင် နိုဝင်ဘာ ၁၁ ရက်က ခမရ ၃၁၀ မှ ဗိုလ်ကြီးတစ်ဦး
အသတ်ခံရကြောင်း သတင်းရရှိသည်။

မြ၀တီမြို့ ဗိုလ်ချုပ်လမ်းရှိ ရွှေဝတ်လွှာ မိုတယ် ၀န်ထမ်းက နိုဝင်ဘာ ၁၁ရက် ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် မိုတယ်ရှိ အခန်းနံပါတ် (၃၁၀) အား တံခါး
ဖွင့်ကြည့်ရာ အခန်းတွင်း တည်းခိုနေသူမှာ ခုတင်ပေါ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ရွှေဝတ်လွှာ မိုတယ် မန်နေဂျာ၏ အကြောင်းကြားမှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးရာ သေဆုံးသူမှာ ကော့ကရိတ် အခြေစိုက်တပ် ခမရ ၃၁၀ မှ ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးဖြစ်ပြီး၊ ဖလူး တပ်စခန်း၏ တာဝန်ခံ တစ်ဦးဖြစ်ကာ ယာဂျိုစောင်း မျက်ခုံး၊ မေးတို့၌ ဒဏ်ရာရရှိ သေဆုံးနေကြောင်း သိရသည်။

“နိုဝင်ဘာ ၁၀ ရက် နံနက် ၈ နာရီမှာ သေဆုံးသူဟာ ဦးမျိုးသွယ်ဆိုသည့် နိုင်ငံသား ကတ်နဲ့ လာရောက် တည်းခိုတာပါ။ သူနဲ့အတူ အမျိုးသမီး တစ်ယောက်ပါပါတယ်။ ညနေ ၄ နာရီလောက်မှ နှစ်ယောက်လုံး အပြင် ထွက်သွားပါတယ်။ ည ၈ နာရီလောက်မှာ ပြန်လာခဲ့တယ်။ အမျိုးသမီးတော့ ပြန်ပါလာတာ
မတွေ့ရဘူး။ သူနဲ့အတူ သူ့တပည့်ဖြစ်သူ တစ်ဦးတို့ ပြန်လာခဲ့တယ်။ ည ၈
နာရီလောက်မှာ သူ့တပည့်ဖြစ်သူဟာ စားစရာ ၀ယ်မယ်ဆိုပြီး အပြင်ထွက်သွားတာ ပြန်မလာတော့ပါဘူး” ဟု ရွှေဝတ်လွှာ မိုတယ် မန်နေဂျာက ဆိုသည်။

စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလည်း သက်သေခံ ပစ္စည်းအဖြစ် အနားမှာ သွေးစွန်းနေသော ထိုင်းနိုင်ငံလုပ် တူတစ်လုံး တွေရှိရ၍ တူနှင့် ထု
သွားခြင်း ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။ မိုတယ် အခန်းတွင်း၌ သေဆုံးနေသူ ဦးမျိုးသွယ် (ဗိုလ်ကြီးမျိုးသွယ်) နှင့်အတူ ပါလာသူမှာ တပ်သား မောင်နိုင်
ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိ သူများက ပိတ်ဆို့ရှာဖွေ စုံစမ်းလျက်ရှိကြောင်း သိရသည်။

EMG

(အခင်းဖြစ်ပွားသည့် ရွှေဝတ်လွှာ မိုတယ် အခန်းနံပါတ် (၃၁၀) ကို တွေ့ရစဉ်)


No comments: