ကျပ်သိန်း ၃၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ထားသည့် စစ်ကိုင်းဒေသကြီး ခန္တီးမြို့ ပြည်သူ့ဆေးရုံ တိုးချဲ့အဆောင်သစ် ဆောက်လုပ်ပြီးစီးသည်မှာ တစ်နှစ်နီးပါး ကြာမြင့်လာသော်လည်း ယနေ့အချိန်ထိ အသုံးပြုခြင်း မရှိကြောင်း သိရသည်။
ထိုတိုးချဲ့ဆောင်သစ်ကို ယခင်အစိုးရလက်ထက်က ခွင့်ပြုချက်အရ ခန္တီးမြို့နှင့် နန်စီပွန် ကျောက်မှော်သို့သွားသော ကားလမ်းမ နံဘေး ခန္တီးမြို့အပြင်ဘက်တွင် ဆောက်လုပ်ထားခဲ့ခြင်းဖြစ်ပြီး ပင်မဆေးရုံမှာ ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက်တွင် တည်ရှိသဖြင့် ပင်မ ဆေးရုံနှင့် တိုးချဲ့အဆောင်သစ်မှာ တစ်မိုင်ခန့် ကွာဝေးနေသည်ဟု သိရသည်။
“ပင်မဆေးရုံနဲ့ တိုးချဲ့အဆောင်က တစ်မိုင်လောက်ဝေးနေတော့ ဘယ်လိုမှ အဆင်မပြေ သုံးလို့မဖြစ်ဘူး။ အသည်းအသန်ဖြစ်နေတဲ့ လူနာတွေ ခွဲစိတ်ရမယ့်လူနာဆိုရင် လမ်းမှာတင် အသက်ပျောက်သွားနိုင်တယ်။ ပြီးတော့ ပင်မဆေးရုံနဲ့ တို့ချဲ့အဆောင်သစ်ကြားက လမ်းကလည်း ကုန်းတက်ကုန်းဆင်းနဲ့။ ဘာရည်ရွယ်ချက်နဲ့ ဒီလောက်ဝေးတဲ့နေရာမှာ သွားဆောက်ထားခဲ့သလဲ မသိပေမယ့် ဆောက်ပြီးလို့ တစ်နှစ်နီးပါးကြာလာတဲ့အထိ အသုံးမပြုဖြစ်တော့ ဒီနေ့အထိ အလဟဿ ဖြစ်နေတာပဲ” ဟု ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။
ယခင် ခန္တီးမြို့ ပြည်သူ့ဆေးရုံကို ၁၉၅၀ ပြည့်နှစ်ခန့်က ဆောက်လုပ်ထားခဲ့ခြင်းဖြစ်ပြီး ခုတင် ၅၀ ဆံ့ ဆေးရုံဖြစ်ကာ ခုတင် ၅၀ ဆံ့ အဆောင်သစ်ကိုမူ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ပင်မဆေးရုံနှင့် တိုးချဲ့အဆောင်သစ်မှာ တစ်မိုင်ခန့်ကွာဝေးသဖြင့် အသုံးပြုခြင်းမရှိဘဲ အလဟဿဖြစ်နေသောကြောင့် ထိုတိုးချဲ့အဆောင်သစ်အား အချည်းနှီး မဖြစ်စေရန် မည်သို့အသုံးပြုမည်ကို တိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်းခဲ့ပြီး တိုင်းကျန်းမာရေး ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သော်လည်း တိကျသေချာသော အဖြေမရခဲ့ကြောင်း ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။
“ကျပ်သိန်း ၃၀၀၀ လောက်အကုန်ခံ ပြီးဆောက်ထားတဲ့ အဆောက်အအုံကြီးတစ်ခုကို ဘာမှမသုံးဘဲ ပစ်ထားသလိုဖြစ်နေတယ်။ ဒါကြောင့် လွှတ်တော်မှာ ဒီအဆောက်အအုံကို ဘယ်လိုအသုံးချမလဲဆိုတာ မေးမြန်းတဲ့အခါ သင်တန်းကျောင်းပဲ ဖွင့်မလိုလို ခရိုင်ကျန်းမာရေးအရာရှိရဲ့ ရုံးခန်းပဲဖွင့်မလိုလို တိုင်းရင်းဆေးရုံပဲ ဖွင့်မှာလိုလိုနဲ့ ဘာမှလည်း ရေရေရာရာ ပြန်ဖြေသွားတာ မရှိပါဘူး” ဟု ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။
“ပင်မဆေးရုံကြီးရဲ့ဘေးမှာဆောက်ဖို့ မြေနေရာရှိရဲ့သားနဲ့ တစ်မိုင်လောက်ဝေးတဲ့နေရာမှာ သွားဆောက်လိုက်ကြတယ်။ အဲဒီနေရာမှာ ဆောက်တာကို မြို့ခံပြည်သူတွေက သဘောမတူခဲ့ကြပါဘူး။ သက်ဆိုင်ရာတွေက မြို့မိမြို့ဖတွေရဲ့ သဘောတူညီမှုနဲ့ ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ ဘယ်လိုမှလည်း သုံးလို့မရဘူး။ ဘယ်သူမှလည်း မသုံးဖြစ်ဘဲ ပစ်ထားတော့ ဒေသခံပြည်သူတွေအတွက်ရော နိုင်ငံတော်အတွက်ပါ နစ်နာဆုံးရှုံးမှုဖြစ်တာပေါ့” ဟု ခန္တီးမြို့ဒေသခံ ကိုအောင်ဆန်းမြင့်က ပြောကြားသည်။
Writer:
မဖေငြိမ်း
No comments:
Post a Comment