Wednesday, October 12, 2016

တပ်မတော်အနေဖြင့် နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ပြီး နိုင်ငံသားများသည် နံပါတ်တစ် ဦးစားပေးဖြစ်


နေပြည်တော်၊ အောက်တိုဘာ ၁၂

လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အရေးကိစ္စများသည် ဘာသာရေး ပဋိပက္ခများမဟုတ်ဘဲ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံသားများကို ကာကွယ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများသည် နံပါတ်တစ်ဦးစားပေးဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ပတ်သက်သည်များကိုလည်း နိုင်ငံတကာ ကျင့်ထုံးများနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ နယ်သာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး  H.E. Mr. Bert Koenders အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဌာနအကြီးအကဲ Ms. Mira Wolberg နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဧည့်သည်တော်ဝန်ကြီးက နယ်သာလန်-မြန်မာ နှစ်နိုင်ငံ လွန်ခဲ့သည့် နှစ် ၄၀ဝ ခန့်က စတင်ဆက်ဆံခဲ့မှုနှင့် နှစ် ၇၀ နီးပါးရှိပြီဖြစ်သည့် ကောင်းမွန်သော သံတမန်ဆက်ဆံရေးအခြေအနေများ၊ နှစ်နိုင်ငံအကျိုးစီးပွားအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စွမ်းရည်ဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးတိုးမြှင့်ရေး၊ စစ်ဘက်အရပ်ဘက်ဆက်ဆံရေး၊ ပဋိပက္ခ ဖြေရှင်းမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သင်တန်းများတက်ရောက်ရေး၊ မြန်မာ့တပ်မတော်မှ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် ပါဝင်တာဝန်ထမ်းဆောင်မှု ကိစ္စရပ်များအား ဦးစွာရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး ယခုခရီးစဉ်တွင် ရခိုင်ဒေသသို့သွားရောက်ခဲ့မှု၊ ရခိုင်ဒေသ၏ ပဋိပက္ခကြီးမားမှု အခြေအနေ၊ မတူညီသည့် လူမှုအသိုက်အဝန်းနှစ်ခုအား ပေါင်းစပ်ရန်ခက်ခဲမှု အခြေအနေများ၊ စိန်ခေါ်မှုများနှင့် တပ်မတော်၏ သဘောထားအမြင်ကို ဆွေးနွေးမေးမြန်းသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နှစ်နိုင်ငံ၏ ရှိရင်းစွဲ ဆက်ဆံရေးတိုးမြှင့်ခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်မှု အခြေအနေများ၊ လက်ရှိပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းမှုတွင် ခိုင်ခိုင်မာမာရှိစေရန် တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် တပ်မတော်မှ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဥပဒေသင်တန်းများအပါအဝင် သင်တန်းဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ရေး၊ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် မြန်မာ့တပ်မတော်မှ ပိုမိုတိုးတက်ပါဝင်ထမ်းဆောင်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး   ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိနိုင်ငံ ဗြိတိသျှကိုလိုနီ လက်အောက်ကျရောက်စဉ် ဘင်္ဂလားနယ်မှခေါ်လာသည့် ဘင်္ဂါလီများ မြန်မာနိုင်ငံ ရခိုင်ဒေသသို့ရောက်ရှိပြီး မပြန်တော့ခြင်းမှ ဒေသခံများနှင့် ပဋိပက္ခစတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့သည် မြန်မာနိုင်ငံဓလေ့ထုံးစံများကို လိုက်နာခြင်းမရှိသဖြင့် ဒေသခံရခိုင်တိုင်းရင်းသားများက လက်မခံနိုင်ကြောင်း၊ ၄င်းဘင်္ဂါလီများအနေဖြင့် ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဥပဒေအရ စစ်ဆေးမှုကို မခံယူကြောင်း၊ အရေးကြီးဆုံးမှာ ဥပဒေနှင့်အညီစစ်ဆေးမှုကို ခံယူခြင်း၊ ဥပဒေနှင့်ညီညွတ်သူများကို ရသင့်ရထိုက်သည့် အခွင့်အရေးများပေးခြင်း၊ ဥပဒေနှင့်မကိုက်ညီ သည်များကိုလည်း UNHCR ၏ အစီအစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီဆောင်ရွက်မှုများအား အကောင်းဆုံး ကူညီလုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထိုသို့ရှင်းလင်းပြောကြားမှုအပေါ် ဧည့်သည်တော်ဝန်ကြီးက ရခိုင်ဒေသဖြစ်စဉ်မှာ ဆွေစဉ်မျိုးဆက် စဉ်းစားလုပ်ဆောင်ရခြင်း၊ အခြားနိုင်ငံဒေသမှ မြန်မာနိုင်ငံအတွင်း ပြောင်းရွှေ့ဝင်ရောက် ပေါက်ဖွားလာကြသူများဖြစ်ခြင်းတို့ကြောင့် ဖြေရှင်းရန် လွန်စွာခက်ခဲပါကြောင်း၊ ဥပဒေနှင့်ကိုက်ညီသူများသာ နိုင်ငံသားဖြစ်ခွင့်ရှိသည်မှာလည်း သဘာဝကျပါကြောင်း၊ ပြဿနာပိုမိုကြီးထွား မလာစေရန်အတွက် အဓိကထား စီမံဆောင်ရွက်သင့်သည်ကို အကြံပြုလိုကြောင်း၊ ကိုဖီအာနန်၏ ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်နေသည်ကိုလည်း သိရှိပါကြောင်း၊ နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို လေးစားစွာထည့်သွင်း စဉ်းစားရန်၊ စိတ်ကောင်းစေတနာကောင်းဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

No comments: