၉.၁၀.၂၀၁၆ ရက်နေ့ နံနက် တစ်နာရီခွဲအချိန်ခန့်တွင် တိုင်းပြည်၏အနောက်ဘက်တံခါး ကျိုးပေါက်သွားခဲ့ပါသည်။ RSO အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့နှင့်ဆက်နွယ်မှုရှိသည်ဆိုသော လူအုပ်စုများက တုတ်၊ ဓား လက်နက်များကိုင်ဆောင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသုံးခုကို တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ တိုက်ခိုက်ခံရသော စခန်း သုံးခုအနက် တစ်ခုမှာ ဌာနချုပ်စခန်းဖြစ်ပြီး ကျန်နှစ်ခုမှာ သီးခြားတည်ရှိနေသော စခန်းငယ်များ ဖြစ်ကြပါသည်။ သီးခြားတည်ရှိနေသော စခန်းငယ်နှစ်ခုတွင် အပြန်အလှန်ပစ်ခတ်ကာ နှစ်ဖက်ကျဆုံးမှုများရှိခဲ့ပြီး ၀င်ရောက်စီးနင်းသူနှစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့သော်လည်း ဌာနချုပ်စခန်းတစ်ခုတည်းတွင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးကာ ဗဟိုကင်း လက်နက်တိုက်တစ်ခုလုံး စီးနင်းခံခဲ့ရပါသည်။စီးနင်းမှုကြောင့် လက်နက်အလက် ၅၀ ခန့်ဆုံးရှုံးခဲ့ရပါသည်။
လက်ရှိအခြေအနေမှာ အခင်းဖြစ်ပွားရာထိုဒေသသို့ ရဲတပ်ဖွဲ့နှင့်တပ်မတော် စစ်ကြောင်းများ အများအပြားဝင်ရောက်ပိတ်ဆို့ရှင်းလင်းလျက်ရှိပြီး လက်နက်များ ပြန်လည်သိမ်းဆည်းရမိရေး ဆောင်ရွက်နေသည့်အချိန်ကာလဖြစ်သည့်အပြင် ဤဖြစ်စဉ်မှ မြန်မာနိုင်ငံအတွက် ရှင်းလင်းစွာ အချက်ပေးလိုက်သည့်ကိစ္စသုံးခုရှိနေသည်ဟု သတ်မှတ်ယူဆနိုင်ပါသည်။
ပထမအချက်မှာ အနောက်ဘက်တံခါးတွင် အမှန်တကယ်ရန်သူရှိနေပြီဆိုသည်ကို မည်သူမှ ငြင်းဆန်မနေသင့်တော့ဟူသည့်အချက်ဖြစ်ပါသည်။ ဒေသတွင်းနေထိုင်သော ဘင်္ဂါလီများက တိုက်ခိုက်သည် ဖြစ်စေ၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်သည်ဖြစ်စေ၊ သတင်းတစ်စုံတစ်ရာကြိုတင်မရရှိခဲ့ခြင်းနှင့် တိုက်ခိုက်မှုဖြစ်ပွားပြီးချိန် တိုက်ခိုက်မှုများမှာ ရွာများတွင် အလွယ်တကူဝင်ရောက်ခိုလှုံ၍ ရနေခြင်းက တိုက်ခိုက်မှုတွင် ဒေသတွင်းနေထိုင်သူ ဘင်္ဂါလီများ၏ ပူးပေါင်းပါဝင်မှုရှိနေခြင်းကို အထင်အရှား ညွှန်ပြလျက် ရှိနေပါသည်။
ထိုဒေသတွင်းရှိ ဘင်္ဂါလီအရေအတွက်မှာ သိန်းဂဏန်းရှိသည့်အပြင် နယ်စပ်စည်းရိုး မလုံခြုံမှုကြောင့် ထပ်မံခိုးဝင်လာသူလည်း အများအပြားရှိနေနိုင်သည်ဖြစ်ရကား အနောက်ဘက်ဒေသမှ တိုင်းပြည်အချုပ်အခြာ အာဏာကို ခြိမ်းခြောက်နေမှုအန္တရာယ် မည်မျှကြီးမားနေပြီဖြစ်ကြောင်း ဤဖြစ်ရပ်မှ အထင်အရှားတွေ့မြင်နိုင် ပြီဖြစ်ပါသည်။
ဒုတိယအချက်မှာ အနောက်ဘက်တံခါးတွင် ထားရှိသော လုံခြုံရေးအစီအမံများ ပြည့်စုံလုံလောက်မှု မရှိဟူသည့်ကိစ္စ ဖြစ်ပါသည်။ တုတ်၊ ဓားလက်နက်များဖြင့် လူအုပ်က စီးနင်းတိုက်ခိုက်ရာတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် ဗဟိုကင်းကျဆုံးပြီး လက်နက်တိုက်မှ လက်နက်များပါသွားသည်ဟူသော ကိစ္စသည် မည်သို့မှ မဖြစ်သင့်၊ မဖြစ်ထိုက်သောကိစ္စဖြစ်သည့်အပြင် တိုင်းပြည်၏သိက္ခာကိုလည်း များစွာကျဆင်းစေသည့်ကိစ္စ ဖြစ်ပါသည်။
ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေစဉ်အတောအတွင်းမှာပင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်အနေဖြင့် ဘင်္ဂါလီများအား စခန်းတွင်းအလုပ်ခေါ်ယူခိုင်းစေသည်ဟူသည့် စွပ်စွဲချက်များ ထပ်မံပေါ်ထွက်ခဲ့ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏လုံခြုံရေးအစီအစဉ်များ ပေါ့လျော့ညံ့ဖျင်းခဲ့မှုမှာ ဖုံးကွယ်၍မရနိုင်အောင် ဖြစ်ခဲ့ရပါ သည်။ ထိုအချက်မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နယ်စပ်လုံခြုံရေးအစီအမံများအား ပြန် လည်ဆန်းစစ်သင့်နေပြီ ဖြစ်ကြောင်း အထင်အရှားပေါ်လွင်စေပါသည်။
တတိယအချက်မှာ အနောက်ဘက်တံခါး လုံခြုံမှုအတွက် အစိုးရအဖွဲ့မှ ထိပ်တန်းဦးစားပေးအရေးကြီး ကိစ္စအဖြစ် စီစဉ်ဆောင်ရွက်သင့်ပြီဟူသောအချက် ဖြစ်ပါသည်။ အနောက်တံခါးလုံခြုံရေးအတွက် ဘတ်ဂျက် မည်မျှသုံးစွဲရန် အစီအစဉ် ရှိပါသနည်း။ နယ်စပ်ခြံစည်းရိုး မည်မျှတောင့်တင်းခိုင်မာအောင်ခတ်ရန် စီစဉ်ပါမည် နည်း။ နယ်စပ်ကင်းစခန်း မည်မျှထပ်မံတိုးချဲ့ထားပါမည်နည်း။ ခေတ်မီထောက်လှမ်းရေးကိရိယာ၊ အချက်ပေး ကိရိယာများ မည်မျှတပ်ဆင်သုံးစွဲပါမည်နည်း။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား မည်သို့သော ချပ်ဝတ် တန်ဆာပလာ၊ မည်သို့သော လက်နက်ကိရိယာများ တပ်ဆင်ပေးပြီး၊ မည်သည့် လေ့ကျင့်မှုများ ပြုလုပ်စေပါ မည်နည်း စသည့်အချက်များမှာ ယခုဖြစ်ပွားခဲ့သည့် အနောက်ဘက် တံခါးကျိုးပေါက်မှုမှ အရေးတကြီးထွက် ပေါ်လာသော မေးခွန်းများဖြစ်ပြီး ထိုမေးခွန်းများကို မဖြေနိုင်သရွေ့ တိုင်းပြည်၏အနောက်ဘက်တံခါးမှာ အကြိမ်ကြိမ် ဆက်လက်ကျိုးပေါက်နေမည်ဖြစ်ကြောင်း The Myanmar Review Journal မှ ဝေဖန်ထောက်ပြ ရေးသားအပ်ပါသည်။
အယ်ဒီတာ
No comments:
Post a Comment