Thursday, October 27, 2016

ဟိုင်းကြီးကျွန်းတွင် မသင်္ကာဖွယ် စက်လှေ နှစ်စင်းကြောင့် ဒေသခံများ စိုးရိမ်


ရန်ကုန်၊ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့ရှိ ဖောင်ဒိုးရွာအနီးတွင် မသင်္ကာဖွယ် စက်လှေ ၂ စင်းတွေ့ရှိသဖြင့် ဒေသခံများ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပြီး စစ်ဆေးရာတွင် သာမန် ငါးဖမ်းစက်လှေများဟု စစ်ဆေးတွေ့ရှိကြောင်း ဟိုင်းကြီးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါ စက်လှေ နှစ်စင်း ကပ်လာသည့်အတွက် ဒေသခံများ စိုးရိမ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြောင်း၊ ယင်းကြောင့် ဧရာဝတီ ရေတပ်စခန်းမှ သွားရောက် စစ်ဆေးရာ သာမန် ငါးဖမ်းစက်လှေများသာ ဖြစ်ကြောင်း၊ လက်ရှိတွင် ပြန်လည်ထွက်ခွာ သွားကြပြီ ဖြစ်ကြောင်း ဟိုင်းကြီးကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးက The Voice သို့ ပြောကြားသည်။

ဖောင်ဒိုးရွာဘက်တွင် မသင်္ကာစရာ စက်လှေ နှစ်စင်းကို ရွာသားများက အောက်တိုဘာလ ၂၅ရက်နေ့ ညပိုင်းက တွေ့ရှိခဲ့ကြပြီး ယင်းစက်လှေ ၂ စင်းက ကမ်းကို ကပ်လာခဲ့သော်လည်း ဒေသခံများကို တွေ့မြင်ပြီး ပြန်ခွာသွားကြောင်း ယင်းနောက် ဟိုင်းကြီးကျွန်း မြို့အုပ်ချုပ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်တို့လည်း တစ်ညလုံးနီးပါး စောင့်ကြည့်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

“ညကတည်းက ပင်လယ်မှာပဲ ရှိနေပြီး ပြန်ထွက်သွားတာပေါ့။ ဒေသခံတွေကလည်း လက်ရှိ အခြေအနေမှာ ရခိုင်ဘက်က သတင်းတွေကြားတော့ စိုးရိမ်နေတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် လုံခြုံရေး သတိ အနေအထားဖြင့် လှည့်ကင်း ဆောင်ရွက်နေကြောင်း ဟိုင်းကြီးကျွန်း အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ထွက်ပေါက် အနီးတွင် တည်ရှိသော ဟိုင်းကြီးကျွန်းတွင် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ် တည်ရှိပြီး ကမ်းနီးကမ်းဝေး ရေလုပ်သားများ အခြေစိုက်ရာ ကျွန်းလည်းဖြစ်သည်။

No comments: