Thursday, October 27, 2016

ဒေါ်လာဈေး ဆက်တိုက် ပြန်တက်၊ ပြင်ပ ပေါက်ဈေး တစ်ဒေါ်လာ ၁၂၉၂ ကျပ်အထိ ရောက်


ရန်ကုန်၊ အောက်တိုဘာ ၂၆

အောက်တိုဘာ လဆန်းပိုင်းက ဈေးနှုန်း တည်ငြိမ်နေသည့် အမေရိကန် ဒေါ်လာမှာ ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ဆက်တိုက် ပြန်လည် မြင့်တက်လာရာ အောက်တိုဘာလ ၂၆ ရက်နေ့၌ ပြင်ပ ဈေးကွက် ပေါက်ဈေး တစ်ဒေါ်လာလျှင် ၁၂၉၂ ကျပ်အထိ ရောက်ရှိလာကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာဈေး တက်ခြင်းကြောင့် ဆေးဝါးနှင့် အခြားသော ပြည်ပမှ တင်သွင်းရသည့် ပစ္စည်းများ ဈေးတက်ကြောင်း၊ ပို့ကုန်သမားများအတွက်လည်း ဒေါ်လာ ဈေးတက်ချိန်တွင် ပစ္စည်းများ ထုတ်လုပ်ပြီး တင်ပို့ချိန်တွင် ဒေါ်လာဈေး ပြန်ကျပါက အရှုံးပေါ်နိုင်၍ တည်ငြိမ်သော ငွေလဲလှယ်နှုန်းထား ဖြစ်ပေါ်စေလိုကြောင်း ရေထွက် ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ပုဂ္ဂလိကဘဏ် တစ်ခုချင်းစီကို နေ့စဉ် ဒေါ်လာတစ်ထောင်သာ ရောင်းချပေးသည့်အတွက် ဈေးကွက်အတွင်း ဒေါ်လာ ရှားပါးနေခြင်းဖြစ်ကြောင်း ကမ္ဘာ့ရတနာ ဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဦးမောင်မောင်သိမ်းက ပြောကြားသည်။

ဒေါ်လာဈေး အပြောင်းအလဲမှာ ဗဟိုဘဏ်နှင့်လည်း သက်ဆိုင်နေသည့်အတွက် အချိန်မီ မထိန်းဘဲ ယခုအနေ အထားအတိုင်း ဆက်သွားပါက လာမည့် လပထမပတ်အတွင်း တစ်ဒေါ်လာကို ၁၃ဝဝ ကျပ်ကျော်အထိ ဖြစ်သွားနိုင်ကြောင်း၊ လက်ရှိ၌ ဈေးကွက်အတွင်း ဒေါ်လာ အဝယ်သာရှိပြီး အရောင်းမရှိ သောကြောင့် ဈေးပိုတက်ရခြင်းဖြစ်ကြောင်း ပုဂ္ဂလိက ငွေလဲကောင်တာများထံမှ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို လိုက်ပါ မြှင့်တင်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့တွင် ၁၂၈၂ ကျပ် အထိဖြစ်လာကြောင်း၊ ဒေါ်လာဈေး တက်ခြင်းမှာ ဗဟို ဘဏ်တစ်ခုတည်းနှင့်သာ သက်ဆိုင်ခြင်း မဟုတ်သည့်အတွက် ငွေကြေးဈေးကွက်အတွင်း လုပ်ကိုင်နေသူများ ပါဝင်ဆောင်ရွက်မှသာ ဒေါ်လာဈေး အတက်အကျ ကြမ်းခြင်းကို ထိန်းချုပ်နိုင်မည်ဖြစ် ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။ 

No comments: