Wednesday, October 5, 2016

ဓားကိုင်ဆောင်ရမ်းကားသူ(၂)ဦးအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး


 

ရပ်ကွက်အတွင်း ဓားကိုင်ဆောင်ရမ်းကားသူ(၂)ဦးမှ ရဲတပ်ဖွဲ့ဝင်များအား

ခုခံရန်ပြုခဲ့သဖြင့် သေနတ်ဖြင့်ပစ်ခတ်ထိန်းသိမ်း

ရန်ကုန်၊ အောက်တိုဘာ ၅

၅.၁၀.၂၀၁၆ ရက်နေ့ ၀၁၁၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/နောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းရှိ ထမင်းဆိုင်ရှေ့တွင် အမျိုးသား (၂)ဦးမှာ ဓားကိုင်သောင်းကျန်းနေကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ မော်တော်ယာဉ်လှည့်ကင်း တာဝန်ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် နယ်မြေလှည့်ကင်းတာဝန်ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပူးပေါင်း၍ သွားရောက်ထိန်းသိမ်းခဲ့ရာ ဓားကိုင်သောင်းကျန်းနေသူများဖြစ်သည့် အဆိုပါလမ်းနေ ကျော်ဝင်းထွန်း၊ (၂၃)နှစ်နှင့် သန်းချို၊ (၁၈)နှစ်တို့မှာ ရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုကြိမ်းမောင်းပြီး သန်းချိုမှ အုတ်ခဲကျိုးဖြင့်ပစ်ပေါက်ခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ဦးခေါင်းအား
ထိမှန်ခဲ့ပါသည်။


၎င်းတို့သည် ရဲတပ်ဖွဲ့ဝင်များမှထိန်းသိမ်းသည်ကို အသာတကြည်နာခံမှုမရှိဘဲ ခုခံရန်ပြုခဲ့သဖြင့် Pump Action ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ခဲ့မှသာ ၎င်းတို့ (၂)ဦးမှာ အဖမ်းခံခဲ့ပါသည်။

ယင်းသို့ ပစ်ခတ်သဖြင့် ဓားကိုင်သောင်းကျန်းသူ သန်းချို၏ ၀ဲဘက်ဒူးအထက်နေရာ၌ သေနတ်ထိမှန်ခဲ့၍ အနည်းငယ်ပေါက်ပြဲ ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ကာ ဆေးကုသပေး ခဲ့ပါသည်။

၎င်းတို့(၂)ဦးအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၇၃၅/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း၊ (ပ)၇၃၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments: