Wednesday, October 5, 2016

ဘုရားပွဲနှင့် ဂေါပက

မရွှေဖဲ- မရွှေဖဲ
ဘယ်သွားနေသလဲ မရွှေဖဲ
ဘုရားပွဲကို လှည်းနဲ့ဆို

ဘာမြင်ခဲ့သလဲ မရွှေဖဲ
ဈေးသယ်ဈေးဝယ်စုံလို့ကွယ်

ဘာစားခဲ့သလဲ မရွှေဖဲ
ကြာဆံလက်သုပ် မုန့်ဖက်ထုပ်

ဘာဝယ်ခဲ့သလဲ မရွှေဖဲ
ပင်နီအင်္ကျီ ယောထဘီ

ဘယ်လောက်ကုန်လဲ မရွှေဖဲ
စက္ကူတစ်ကျပ် ငွေတစ်မတ်.. ။

အထက်ပါ ကဗျာလေးမှာ လွန်ခဲ့သော အနှစ် ၂၀ ကျော်က မူလတန်းကျောင်းသုံးဖတ်စာမှ စာaရးသူမှတ်သားမိသမျှ ကဗျာတစ်ပိုင်းတစ်စဖြစ်ပါသည်။ ကျေးလက်လူငယ်တို့ ဘုရားပွဲဆင်နွှဲကြပုံကို လွယ်ကူစွာ သဘောပေါက်အောင် ဖွဲ့ဆိုထားသော ကဗျာဖြစ်၏။ ထို စဉ်ကာလ ကလေးသူငယ်များကို မဆိုထားနှင့်၊ စာရေးသူတို့ လူလတ်ပိုင်းများပင် ယင်းကဗျာရွတ်ဆိုသံကြားလျှင် ပျော်ရွှင်ကြည်နူးမိ၏။ မြန်မာ့ရိုးရာဘုရားပွဲတော် ဆင်နွှဲပျော်ကြပုံများကို စိတ်အာရုံတွင် အထင်းသားပေါ်လွင်လာ၏။ ‘ဘုရားပွဲကို လှည်းနဲ့ဆို’ ဟူသော အတွေ့အကြုံများကို ပြန်၍ထင်မြင်လာ၏။ စာရေးသူတို့ ငယ်စဉ်ကာလကျေးရွာသားဘဝတွင် ဘုရားပွဲကို လှည်းနှင့်သွားခဲ့ဖူး၏။ ဘုရားပွဲမသွားမီ နေ့လယ်ကပင် ကြိုတင်၍ ထမင်း၊ ဟင်းများ ချက်ကြ၏။

ညနေစောင်းသည်နှင့် ဖုန်တထောင်းထောင်းထနေအောင် လှည်းတန်းကြီးအပြိုင်မောင်းကြ၏။ တစ်စီးကတစ်စီးကို လှမ်း၍ အော်ကြနောက်ကြ၏။ ကျန်ရစ်သည့်လှည်းကို ပြောင်ကြလှောင်ကြ၏။ တဝါးဝါး တဟားဟားရယ် (ရီ)ကြမောကြ၏။ ထမင်းအိုး၊ ဟင်းအိုးများလည်းပါ၏။ ဘုရားပွဲရောက်တော့ နေလုံးက နီလာပြီ။ ပွဲဈေးတန်းကြီးနှင့် လော်စပီကာသံက ကြိုဆိုနေ၏။ ဈေးတန်းနှင့် မလှမ်းမကမ်းတွင် လှည်းများနားကြ၏။

နွားများကို ထမ်းပိုးမှဖြုတ်ပြီး ကောက်ရိုးကျွေးကြ၏။ လှည်းအောက်တွင် ထမင်း၊ ဟင်းများလက်ဆုံစားကြ၏။ မကြာမီ ဗလာပွဲဇာတ်ခုံမှ ဆိုင်းသံများကြားရသော် ထမင်းစားရာမှ ခေါင်းထောင် ကြည့်ကြ၏။ သုတ်သုတ်စားပြီး အရင်ပြီးနှင့်သူက ပွဲနေရာသွားဦးရ၏။

ထမင်းစားပြီးသော် ဘုရားဖူးကြ၏။ ပန်း၊ ရေချမ်းနှင့် ဆီမီးများပူဇော်ပြီး အလှူဒါနပြုကြ၏။ ထို့နောက် ဈေးတန်းသို့ ပွဲမထွက်မီ ခပ်သုတ်သုတ်လျှောက်ကြည့်၏။ စာရေးသူတို့ ကလေးများအတွက် အကြိုက်ဆုံးအစီအစဉ်ဖြစ်၏။ ကောက်ညှင်းကျည်တောက်နှင့် မုန့်လေပွေစားရလျှင် ကျေနပ်၏။ အရုပ်ကလေးများဝယ်ပေးလျှင် ပျော်ရွှင်ကြ၏။ လူကြီး၊ လူငယ်အားလုံး ဈေးတန်းတွင် ကြိတ် ကြိတ်တိုးနေ၏။ ပွဲခင်းသို့ရောက်လျှင် စောင်များခင်းပြီးနောက် မိသားစုပူးပူးကပ်ကပ် တစုတစည်းတည်း ပွဲကြည့်ကြ၏။ ပွဲကြည့်ရင်း အိပ်ငိုက်လာလျှင် လက်ဖက်သုပ်စားကြ၏။ မိုးကောင်းကင်ကို မော်ကြည့်လျှင် ကြယ်စုံလင်းလက်၍ လမင်းကြီးဝင်းပနေသည်ကို တွေ့မြင်ရ၏။ ဘုရားကို လှမ်းကြည့်လျှင် ဆီမီးရောင်များ ဝန်းရံလင်းလက်နေသည်မှာလည်း လမင်းကို ကြယ်ပေါင်းခသည်နှင့် အလွန်တူ ၏။ ဇာတ်ခုံပေါ်၌ အနုပညာကြယ်ပွင့်များ၏အလှကို ရှုမြင်ကြရသလို ပွဲခင်းထဲတွင် ရပ်ဆွေရပ်မျိုးများအား စုံစုံညီညီတွေ့မြင်ရသည်မှာ ကြယ်ပေါင်းဝန်းရံနေသလို ပီတိဖြစ်ဖွယ်ခံစားရ၏။

စာရေးသူတို့နိုင်ငံတွင် အရပ်ဒေသအားလုံး၌ စေတီပုထိုးများ ရွှေရောင်လွှမ်းနေသကဲ့သို့ ဘုရားပွဲတော်များကိုလည်း နှစ်စဉ်ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲကြ၏။ ဘုရားပွဲကို ‘ဗုဒ္ဓပူဇနိယပွဲ’ ဟု ပါဠိဘာသာဖြင့် ခေါ်ဆိုကြ၏။ မြတ်ဗုဒ္ဓကို ရည်မှန်းပူဇော်သောပွဲဖြစ်၏။ ဘုရားကို ပူဇော်ရင်း ကုသိုလ်ဒါနပြုကြ၍ ဒါနပွဲလည်းဖြစ်၏။ စိုက်ပျိုးချိန် (သို့မဟုတ်) ရိတ်သိမ်းချိန်အလွန် ပြည်သူတို့တစ်နှစ်တာ ပင်ပန်းသမျှ အပန်းဖြေဆင်နွှဲကြသည့်ပွဲလည်းဖြစ်၏။ တစ်နှစ်တာ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူသည့်ပွဲလည်းဖြစ်၏။ ဆွေမျိုးမိတ် ဆွေအပေါင်းအသင်းများ ဆုံစည်းရာပွဲလည်းဖြစ်၏။ လူငယ်တို့သဘာဝ မေတ္တာဂဟေဆက်သည့်ပွဲလည်းဖြစ်လေ့ရှိပေသည်။ မျက်မှောက်ခေတ် ဘုရားပွဲများမှာ မရွှေဖဲတို့ခေတ်က ဘုရားပွဲကဲ့သို့ လှည်းနှင့်လာသူနည်းပြီး ထော်လာဂျီနှင့် လာသူများလာ၏။ ကြည့်ချင်ပွဲမှာလည်း ဗလာပွဲမရှိသလောက်ဖြစ်၏။ ဂေါပကလူကြီးများက ဘုရားပွဲကို အမှီပြု၍ အမျိုးမျိုးဝင်ငွေရှာတတ်လာကြ၏။ ပွဲနေရာလေလံပစ်သည်။ ဈေးဆိုင်နေရာ လေလံပစ်သည်။ ဈေးတန်းမှ ဆိုင်ခန်းများအား ငါးပေပတ်လည်တစ်ခန်းကို ကျပ်သုံးသိန်းစသည်ဖြင့် ရောင်းချ၏။ ရွှေဆိုင်းအရောင်းလေလံပစ်သည်။ လျှပ်စစ်မီးလေလံပစ်သည်။ ယာဉ်ရပ်နားရန် နေရာလေလံပစ်သည်။ ကလေးများ ကစားမည့် ချား၊ ရဟတ်နေရာများလည်း လေလံပစ်သူရှိ၏။ အားလုံးတစ်နှစ်ထက်တစ်နှစ် ဈေးတက်လာကြ၏။

ဈေးသည်များခမျာ ဆိုင်စရိတ်တွေတက်၍ မရောင်းနိုင်တော့သည်အထိ ဖြစ်လာ၏။ ရောင်းဈေးကို တင်ချင်တိုင်းတင်၍ မရ။ ဘုရားပွဲဈေးခင်းဟူသည် အပြင်ထက်ဈေးချိုမှ ဝယ်လိုကြမြဲဖြစ်၍ လျှော့ရောင်းနိုင်မှ တန်ကာကျ၏။ မကြာမီက မန္တလေးမြို့ ဘုရားပွဲတစ်ပွဲတွင် ဆိုင်ခန်းများ ဈေးနှုန်းမတန်တဆကြီးမြင့်လာမှုကြောင့် ဈေးသည်တို့ခမျာ မခံသာ၍ ဆန္ဒထုတ်ဖော်တိုင်ကြားမှုများ ရှိလာကြောင်း တွေ့ရှိရ၏။ ကမ္ဘာပေါ်တွင် တစ်နှစ်တာကာလပတ်လုံးဘုရားပွဲများသို့ ဈေးလှည့်လည်ရောင်းချသည့် ဈေးသည်များမှာ မြန်မာနိုင်ငံတွင်သာရှိ၏။ ၁၂ ပွဲ တိတိ တစ်ပွဲမှတစ်ပွဲသို့ ကူးပြောင်းရောင်းဝယ်ပြီး အသက်မွေး၍ ၁၂ ပွဲဈေးသည်ဟု ခေါ်ဆိုကြောင်း တွေ့ရှိနိုင်ပေသည်။

မျက်မှောက်ခေတ်တွင် ဂေါပကလူကြီးအချို့သည် ‘ဗုဒ္ဓပူဇနိယ’ ဟူသော အနှစ်သာရထက် ‘ဘဏ္ဍာပူဇနိယ’ကို ဦးတည်နေသလားဟု မေးစရာဖြစ်လာ၏။ ဘုရားပွဲတော်တွင် ဝင်ငွေများများရရှိအောင် ကြံဆောင်နေကြ၏။ အမှန်စင်စစ် မြန်မာတို့သည် ဘုရား၊ စေတီများ ကို တစ်နှစ်တစ်ကြိမ် ဘုရားပွဲတော်ရှိမှသာ လှူဒါန်းသော လူမျိုးမဟုတ်ပေ။ တစ်နှစ်ပတ်လုံး ဘုရားဖူးတိုင်း ပုံမှန်လှူဒါန်းမှုများရှိ၏။ ဘုရားအတွက် သာသနိကအဆောက်အအုံနှင့် ဝေယျာဝစ္စကုသိုလ်များအတွက် သီးခြားဒါနပြုမှုများလည်း ရှိ၏။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အလှူဒါနရက်ရောဆုံးနိုင်ငံအဖြစ် သုံးနှစ်ဆက်တိုက် ရပ်တည်နေခြင်းဖြစ်၏။ အမေရိကန်အခြေစိုက် Gall up သုတေသနကုမ္ပဏီ၏ စာတမ်းအရ မြန်မာနိုင်ငံသား ၅၂ သန်းအနက် ၉၁ ရာခိုင်နှုန်းသည် ရက် ၃၀ အတွင်း အလှူဒါနပေးကမ်းမှုရှိခဲ့ကြခြင်းကြောင့် ထိပ်ဆုံးမှရပ်တည်နေခြင်းဖြစ်၏။ ဗြိတိန်၊ နော်ဝေး စသောနိုင်ငံများသည်ပင် နံပါတ် (၇)နှင့် (၈)နေရာမှာရှိကြောင်း တွေ့ရှိနိုင်၏။

ဘုရားပုထိုးများကို စောင့်ရှောက်သူ၊ ဘဏ္ဍာတော်ကို ထိန်းသိမ်းသူများအား ‘ဂေါပက’ဟုခေါ်ဆို၏။ အလွန်မွန်မြတ်သော အလုပ်ဖြစ်၏။ ဤအလုပ်တာဝန်တွင် ဘုရားပုထိုးများအတွက်  အလှူငွေကြံဖန်ရှာဖွေပေးရခြင်းဟူသော အချက်မပါဝင်ကြောင်း တွေ့ရှိရ၏။ ပူဇာအဓိကနှင့် သဒ္ဓါအဓိကဖြစ်ရမည့်အစား ဘဏ္ဍာအဓိကလမ်းကြောင်းကို တစ်ဖက်သတ်ဦးတည်လာခြင်းကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတွင် ဖြစ်ပေါ်ခဲ့သော အမှားများကို သင်ခန်းစာယူသင့်၏။ ဟိုတယ်၊ တည်းခိုခန်းများ စည်းမဲ့ကမ်းမဲ့ဆောက်လုပ်ခွင့်ပြုခြင်း၊ တည်းခိုဆောင်များဖြင့် အခကြေးငွေယူခြင်း၊ ဘုရားအလှူခံကန်ထရိုက်ပေးခြင်း စသည်တို့ကို အားပြုပြီး ရပ်ဝေးဘုရားဖူးများမှာ ရင်ပြင်ပေါ်၌သာ အိပ်စက်ဖူးမြော်ကြရသည့်အဖြစ်ကို လျစ်လျူရှုရက်သည်အထိ အစွန်းရောက်လာသည်ကို တွေ့ရှိနိုင်၏။ မကြာမီက ရန်ကုန်မြို့မှ စွယ်တော်မြတ်စေတီတွင် အလှူခံငွေများအတွက် ပြေစာဖြတ်မှုမှအစ ဝန်ထမ်းများ၏ မသမာမှုကို ဂေါပကလူကြီးများက တွေ့မြင်နေရပါလျက် ခြိမ်းခြောက်မှုခံနေရခြင်းကြောင့် အရေးမယူနိုင်ကြောင်း သတင်းတစ်ပုဒ်ကိုလည်း ဖတ်ရှုရသေး၏။

အချို့စေတီပုထိုးများ၌ အလှူခံသည့်ပုံစံကိုလည်း သုံးသပ်ကြည့်မိ၏။ မတ်တတ်ရပ်ပြီး ကောင်တာတွင် ငွေသွင်းရသည့် ပုံစံမျိုးဖန်တီးထားကြသည်မှာ လုံးဝသင့်လျော်မှုမရှိဟု ထင်မြင်မိပါသည်။ ပုဂံတွင် တုရင်တောင် စေတီကြီးအတွက် လှူဒါန်းရသည့် ပုံစံကို အလွန်နှစ်ခြိုက်မိ၏။ စားပွဲဝိုင်းတွင် ထိုင်ပြီးနီးနီးကပ်ကပ်ပေးကမ်းလှူဒါန်းရခြင်း၊ ပြေစာဖြတ်ပိုင်းယူရခြင်းကို ပီတိဖြစ်မိ၏။ မြစေတီနှင့် မနူဟာတွင် ရေနွေးကြမ်းပင် သောက်ရသေး၏။ အလှူရှင်အား မျက်နှာထားချိုချိုဖြင့် ကြိုဆို၍ လှူဒါန်းပြီးသော် သာဓု ခေါ်သံကြားလိုကြ၏။ အချို့စေတီပုထိုးများမှာ ပြေစာဖြတ်သူက မျက်နှာခပ်တင်းတင်းဖြင့် ‘ဘယ်လောက်လဲ’ဟုမေးပြီး ပြေစာဖြတ်ပေးသည်ကို မတ်တတ်ရပ်စောင့်ဆိုင်းပြီး ယူရ၏။ အလွန်မသင့်လျော်သော ပုံစံများကို ဂေါပက လူကြီးများ သိစေချင်၏။

စာရေးသူတို့ ဇာတိမြို့၌ မကြာသေးသော ကာလက ဆိုင်ခန်းများ ဈေးကြီး၍လည်းကောင်း၊ ဇာတ်ပွဲများ ရုံဝင်ခဈေးကြီး၍လည်းကောင်း ဘုရားပွဲလုံးဝစည်ကားမှုမရှိခဲ့သည်ကို သတိရမိ၏။ ထိုအခါ မရွှေဖဲတို့ခေတ်ကလို ‘ပင်နီအင်္ကျီ ယောထဘီ’ကို သက်သက်သာသာ ဝယ်နိုင်ရေးမှာ ကျေးလက်ပြည်သူတို့အတွက် အလှမ်းဝေးခဲ့ရ၏။ ရွှေတိဂုံစေတီနှင့် ကျိုက်ထီးရိုးစေတီတို့အတွက် အသစ်ပြင်ဆင်ရေးဆွဲထားသော ဂေါပကအဖွဲ့ စည်းမျဉ်းများကို ရှေ့နေချုပ်ရုံးသို့ တင်ပြထားပြီး နှစ်လခန့်ကြာသော်လည်း ပြန်ကြားချက်မရရှိ သေးကြောင်း သိရှိရ၏။ အဓိက တန်ခိုးကြီးစေတီကြီးနှစ်ဆူဖြစ်၍ အမြန်ဆုံးအတည်ပြုပြဋ္ဌာန်းပေးသင့်ပါသည်။ နိုင်ငံတစ်ဝန်းလုံးရှိ ဘုရားပုထိုးများအတွက်လည်း အလားတူ စည်းမျဉ်းများကို သက်ဆိုင်ရာက ရေးဆွဲပြဋ္ဌာန်းပေးသင့်၏။

အလျဉ်းသင့်တုန်း စာရေးသူကြားဖူးသော ပုံပြင်တစ်ပုဒ်ကိုလည်း ပြောပြလိုသေး၏။ လူတစ်ဦးသည် ဒုစရိုက်မှုအမျိုးမျိုးကို ကျူးလွန်မိ၏။ ‘ရုန်းမထွက်နိုင် နုန်းဗွက်ဆိုင်’ဆိုသကဲ့သို့ အရွယ်ရလာသော်လည်း ဒုစရိုက်နွံထဲမှာပင် နစ်သထက်နစ်နေ၏။ နောက်ဆုံးတွင် မထူးတော့ပြီ။ အဝီစိကျမည့် အတူတူ အဝီစိမှာ နံပါတ်(၁)ဖြစ်အောင် လုပ်မည်ဟု မိုက်မဲစွာ ဆုံးဖြတ်လိုက်၏။ ခိုးဆိုးလုယက် ထိုးနှက်သတ်ဖြတ် အကုန်လုံးကို အကြိမ်ကြိမ် အထပ်ထပ်ပြုလုပ်၏။ သူသေသောအခါ အဝီစိသို့ ထိုးဆင်းသွား၏။ ငရဲကြီးရှစ်ထပ်တွင် အနက်ဆုံးနေရာသို့ ရောက်ရှိသွားပြီးမှ အရှိန်ရပ်သွား၏။ ထိုအခါ ငရဲမှာ နံပါတ်(၁)ဖြစ်ပြီဟု ကြုံးဝါးလေ၏။ သို့သော် သူ၏ ခြေဖဝါးအောက်တွင် ပျော့စိပျော့စိဖြင့် တစ်စုံတစ်ရာကို နင်းမိ၍ သံသယဖြစ်မိ၏။ ထို့ကြောင့် ‘ဟေ့အောက်က ပျော့စိပျော့စိနဲ့ ဘယ်သူလဲကွ’ ဟု မေးလိုက်ရာ အောက်မှ ‘ငါဂေါပကကွ’ဟု ပြန်ပြောသံကို ကြားလိုက်ရသဖြင့် ‘ငါ လူ့ပြည်မှာ ဂေါပကမလုပ်ခဲ့မိတာ နာသကွာ’ဟု သူ့ကိုယ်သူ အပြစ်တင်မဆုံးရှိပြီး နံပါတ် (၂)နေရာနှင့်သာ နှစ်သိမ့်ခဲ့ရလေသောဟူ၏။

စာရေးသူသည် သာသနာ့အကျိုး၊ သယ်ပိုးရွက်ထမ်း၊ စွမ်းစွမ်းတမံ၊ အဓိဋ္ဌာန်၍၊ ချိန်မှန်ဆပွား၊ သီလအားဖြင့်၊ ဘုရားဂုဏ်ကို၊ ကြည်ညိုလေးမြတ်၊ စောင့်ရှောက်အပ်သော ဂေါပကလူကြီးမင်းများအားလုံးကို ဂုဏ်ပြုဦးချမိပါသည်။ သက်တော်ရာကျော်ရှည်ကြပါစေ ဟုလည်း ဆုချွေတောင်းမိပါသည်။ အောက်ဖော်ပြပါ ပုဂ္ဂိုလ်အချို့ကိုသာ ရည်ရွယ်၍ ပြုပြင်စေလိုသော စေတနာဖြင့် ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါကြောင်း ဖော်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

ပူဇေမိကို လူတွေမသိအောင်၊
ယူလေမိတော့ ငရဲလားမယ်၊
မောင်မကြောက်ပေါင်၊
လက်ရှိဘဝမှာ ချမ်းသာရဖို့ အရေးကြီးတယ်၊
ငါရဲရောက်ရင်
ယမမင်းရဲ့ စာရင်းကိုင်ကြီးလုပ်ဦး မယ်၊
လုပ်မယ်.. လုပ်မယ်။

No comments: