Sunday, September 4, 2016

တရုတ် တစ်ဦး ပါဝင်သည့် ပြည်သူ့စစ် အယောင်ဆောင်သူများထံမှ လက်နက်နှင့် မူးယစ်ဆေးများ ဖမ်းမိ



ကျိုင်းတုံ၊ စက်တင်ဘာ ၎



ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ယနေ့ (စက်တင်ဘာ ၄ ရက်) နံနက် ၀၀ နာရီခွဲခန့်က တရုတ်နိုင်ငံသား တစ်ဦး ပါဝင်သည့် ပြည်သူ့စစ်အဖွဲ့ဝင် အယောင်ဆောင်သူများထံမှ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။


ကျိုင်းတုံ-မိုင်းလား လမ်းအတိုင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာမည်ဟု သတင်းရရှိ၍ မြို့အဝင် စစ်ဆေးရေးဂိတ်၌ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေစဉ် မိုင်းလားဘက်မှ မောင်းနှင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ရှာဖွေရာ တရုတ်နိုင်ငံသား တစ်ဦး ပါဝင်သည့် ပြည်သူ့စစ် အယောင်ဆောင်သူ ရှစ်ဦးထံမှ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးဝင်းသန်းက ပြောကြားသည်။



“သူတို့မောင်းလာတဲ့ LEXUS နဲ့ VIGO ယာဉ် နှစ်စီးပေါ်မှာ ပြည်သူ့စစ်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့သူ ခြောက်ဦးနဲ့ အရပ်ဝတ် နှစ်ဦးထံကနေ လက်နက်ခဲယမ်းတွေ တွေ့လို့ တိုင်းစစ်ဌာနချုပ်ကို အကြောင်းကြားတော့ အယောင်ဆောင်သူတွေလို့ သိရတယ်။ ဒါ့ကြောင့် သူတို့ တည်းခိုတဲ့ ရွှေစင်ကြယ် ဟိုတယ်အခန်းတွေကို ရှာကြည့်တော့ စိတ်ကြွဆေးပြား လေးပြား၊ ဆေးရှူတဲ့ပြောင်း တစ်ခုနဲ့ ပွိုင့် ၂၂ ကျည် ၁၀ တောင့် ထပ်မံ တွေ့ရှိရတယ်”ဟု ၎င်းက ဆိုသည်။


လက်ရှိ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား တစ်ဦး ပါဝင်သည့် ပြည်သူ့စစ်အဖွဲ့ဝင် အယောင်ဆောင်သူများအနက် တစ်ဦးသည် အမှန်တစ်ကယ် ပြည်သူ့စစ်အဖွဲ့ဝင် ဖြစ်ကြောင်း၊ ယင်းတို့ထံမှ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများမှာ တပ်မတော်မှ ထုတ်ပေးထားသည့် လက်နက်များဖြစ်၍ တပ်မတော်မှ ပြန်လည် သိမ်းဆည်းထားကြောင်း ကျိုင်းတုံမြို့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၂၂ နှစ်အရွယ် တရုတ်နိုင်ငံသား ချိန်းဟောက်နှင့် အသက် ၁၉ နှစ်မှ အသက် ၄၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ခုနစ်ဦးတို့ကို မယ(ပ)၁၁၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ၁၅/၁၆(ဂ)/၂၁/၂၂(ခ)အရ အမှုဖွင့်လှစ်ထားပြီး ထပ်မံ၍ အယောင်ဆောင်မှု ပုဒ်မ - ၁၇၀၊ ပို့သွင်းပုဒ်မ - ၈နှင့် လဝက ဥပဒေအရ အမှုဖွင့်လှစ် အရေးယူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။



မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: