ရန်ကုန်၊ စက်တင်ဘာ ၁
တရုတ်ပြည်သူ့
သမ္မတနိုင်ငံသို့ ဆန် တန်ချိန် လေးသိန်း တရားဝင် တင်ပို့နိုင်မည့်
သဘောတူညီမှု စာချုပ်သစ် ယခုလအတွင်း လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး
ဦးနေလင်းဇင်က The Voice သို့ ပြောကြားသည်။
ပြီးခဲ့သည့်
၂ဝ၁၅ ခုနှစ်အတွင်း လက်မှတ် ထိုးခဲ့သော တရားဝင် ဆန်တင်ပို့မှု စာချုပ်
သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်၍ စာချုပ်သစ် ထပ်မံ ချုပ်ဆိုရန်
စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်ပြည်သူ့
သမ္မတနိုင်ငံ နန်နင်းမြို့၌ စက်တင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် အာဆီယံ-
တရုတ် ကုန်သွယ်မှုမြှင့် တင်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ
တက်ရောက်မည်ဖြစ်ပြီး အဆိုပါ စာချုပ်သစ် လက်မှတ်ရေးထိုးရန်
ညှိနှိုင်းမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ယာယီအားဖြင့်
ဆန်တန်ချိန် လေးသိန်းလောက် သတ်မှတ်ထားတယ်။ ဆွေးနွေးပွဲမှာ ညှိနှိုင်းမှု
အဆင်ပြေရင် အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့ စီစဉ်ထားတယ်”ဟု ၎င်းက ဆိုသည်။
သြဂုတ်လအတွင်း
တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံ
ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ နှစ်နိုင်ငံ ဆန်ကုန်သွယ်မှုနှင့် ပတ်သက်၍
ဆွေးနွေးခဲ့ပြီး ယင်းခရီးစဉ်၏ နောက်ဆက်တွဲအဖြစ် စာချုပ်သစ် ချုပ်ဆိုရန်
ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ
သိရသည်။
မြန်မာ့ဆန် ပြည်ပ တင်ပို့မှု၏ ၈ဝ ရာခိုင်နှုန်းကျော်ကို တရုတ်သို့ တင်ပို့နေသော်လည်း တရားဝင် တင်ပို့မှု နည်းပါးနေဆဲဖြစ်သည်။
No comments:
Post a Comment