Saturday, September 17, 2016

မြစ်ဆုံစီမံကိန်း ကော်မရှင်၏ ပထမဆုံး မြေပြင်ခရီးစဉ် ဒေသခံများ တွေ့ခွင့်မရ



မြစ်ကြီးနား၊ စက်တင်ဘာ ၁၆

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဧရာဝတီ- မြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပထမဆုံးအကြိမ် လာရောက် လေ့လာခဲ့ပြီး ဒေသခံများ တွေ့ခွင့်မရကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။ 

အဆိုပါ ကော်မရှင်နှင့် အောင်မြင်သာရွာတွင် တွေ့ဆုံလိုသည်ဟု ဒေသခံများက တွေ့ဆုံခွင့်သော်လည်း ကော်မရှင်က တွေ့ဆုံခွင့် မပေးသဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်မည့် လူထု တွေ့ဆုံပွဲသို့ ဒေသခံများ တက်ရောက်မည် မဟုတ်ကြောင်း ဒေသခံ ဦးတူးခေါင်က ပြောကြားသည်။

ဒေသခံများ အနေနှင့် အဆိုပါ ကော်မရှင်ကို အောင်မြင်သာ ကျေးရွာတွင်သာ တွေ့ဆုံလိုကြောင်း မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ ခံထားရသည့် ကျေးရွာ ငါးရွာမှ ဒေသခံများ မူလနေရပ်တွင် ပြန်လည် နေထိုင်ခွင့် ရရှိရေး ကြိုးပမ်းမှုတွင် ဦးဆောင်သူ တစ်ဦးလည်းဖြစ်သူ ၎င်းက ပြောဆိုသည်။   

“အခုကော်မရှင်ကို ဒေသခံတွေရှိတဲ့ ရွာမှာပဲ တွေ့ချင်တယ်။ အခုလာတဲ့ပုံစံက အကန့်သတ်နဲ့ လာတာ။ လွတ်လပ်ပြီး ပွင့်လင်းမှု မရှိဘူး။ အမှန်မှာ ဒေသခံတွေရဲ့သဘောထားကိုလည်း တင်ပြခွင့်ရှိရမယ်။ တွေ့ခွင့်တောင်းတာ မ ပေးဘူး” ဟု ¤င်းကပြောသည်။ 

မြို့ခန်းမတွင် တွေ့ဆုံလျှင် အကန့်အသတ်ဖြင့်သာ တင်ပြခွင့်ရမည် ဖြစ်ပြီး လွတ်လပ်မှု မရှိနိုင်သဖြင့် ယင်းတွေ့ဆုံပွဲသို့ မတက်လိုခြင်း ဖြစ်ကြောင်း၊ ယင်းအခမ်းအနားသို့ ဒေသခံ တစ်ရာကျော် တတ်ရောက်ခွင့် ရသော်လည်း ဒေသခံများ တက်ရောက်မည် မဟုတ်ကြောင်း မြစ်ဆုံစီမံကိန်း အနီးမှ ဒေသခံ အချို့ကို မေးမြန်းချက်အရ သိရှိရသည်။

ကော်မရှင် အနေနှင့် ဒေသခံများနှင့် တွေ့ဆုံရန် အချိန် မရှိသဖြင့် မတွေ့နိုင်ခြင်းဖြစ်ပြီး လေ့လာရေးခရီး နောက်ဆုံးရက် ဖြစ်သည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် လာရောက် တွေ့ဆုံခွင့် ပြုထားကြောင်း အဆိုပါ ကော်မရှင် အဖွဲ့ဝင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောကြားသည်။

ကော်မရှင်၏ ခရီးစဉ်မှာ လေးရက် ကြာမြင့်မည် ဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရေအားလျှပ်စစ် စီမံကိန်း ရှိသည့် ချီဖွေဒေသသို့ ရဟတ်ယာဉ်ဖြင့် သွားရောက် လေ့လာမည် ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရှိရသည်။ 

အဆိုပါ ကော်မရှင်သည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကချင်ပြည်နယ်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြစ်ဆုံ စီမံကိန်းသို့ သွားရောက် လေ့လာခဲ့သည်။ အဆိုပါ စီမံကိန်း အနီးမှ ဒေသခံများကို ပြောင်းရွှေ့ နေရာ ချထားသည့် အောင်မြင်သာ၊ တန်ဖရဲကျေးရွာတို့ရှိ စာသင်ကျောင်းများသို့ သွားရောက်ခဲ့သည်။












မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: