Sunday, September 18, 2016

စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့သော်လည်း အစိုးရသတ်မှတ်ချက်အချို့ကြောင့် စင်ကာပူဘဏ်များကို ကြားခံဆောင်ရွက်ရဦးမည်ဟု ဆို

အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုကို ဖြေလျှော့ ပေးသော်လည်း ကုန်သွယ်ရေး တွင် အစိုးရ၏အတားအဆီးအချို့ ကြောင့် စင်ကာပူနိုင်ငံရှိ ဘဏ် များကို ကြားခံပြီး ဆောင်ရွက်နေ ရဦးမည်ဟု မော်တော်ယာဉ်တင် သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချ သူများအသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။
အစိုးရက သတ်မှတ်သည့် လိုင်စင်ကြေးနှင့် ဈေးကွက် အ တွင်းမှ ဈေးနှုန်းကွာခြားချက်၊ ငွေ ပေးချေမှုစနစ် စသည့်သတ်မှတ် ချက်များကြောင့် ကုန်သွယ်ရေး တွင် အတားအဆီးရှိနေပြီး စင် ကာပူနိုင်ငံကို ကြားခံဆောင်ရွက် နေရသည်။ ငွေပေးချေမှုစနစ်တွင် အစိုးရက ဆိပ်ကမ်းရောက်မှ ငွေ ပေးချေ စနစ်ကို အသုံးပြုသော် လည်း တစ်ဖက်နိုင်ငံမှ ကုန်သည်များက လက်ငင်းငွေချေစနစ်ကို သာ လက်ခံသဖြင့် စင်ကာပူနိုင်ငံ တွင် ငွေစာရင်းဖွင့်လှစ်ပြီး ရောင်း ဝယ်ရကြောင်း အထက်ပါပုဂ္ဂိုလ် က ပြောသည်။
‘‘အမေရိကန်ဆန်ရှင်က အ ဝေးကြီး၊ ကိုယ့်အစိုးရဆန်ရှင်နဲ့ တင် ဒီမှာက ဒုက္ခဖြစ်နေတာ’’ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။
အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပေးမှုသည် လတ်တလောတွင် အကျိုးရလဒ် နည်းသော်လည်း ရေရှည်၌ အကျိုးရလဒ်များစွာ ရရှိနိုင်ကြောင်း ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။
 စီးပွားရေးပိတ်ဆို့မှု လုံးဝ ဖယ်ရှားနိုင်ပါက အမေရိကန် ဘဏ်များ၊ ဥရောပ နိုင်ငံများမှ ဘဏ်များနှင့် မြန်မာနိုင်ငံမှ ဘဏ် များပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးနိုင်လျှင် အနောက် နိုင်ငံများနှင့် ငွေကြေးလွှဲပြောင်းမှု များ ပိုမိုလွယ်ကူလာမည်ဟု ဦး သိန်းထွန်းက ပြောသည်။
‘‘စင်ကာပူကြားခံလုပ်တော့ ငွေပိုကုန်တယ်။ အချိန်ကြာတယ်။ တိုက်ရိုက်ရရင် အားလုံးအဆင်ပြေသွားမယ်’’ဟု ဦးသိန်းထွန်းက ပြောသည်။
အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာနက စီးပွားရေးပိတ်ဆို့ခံရ သော နိုင်ငံများတွင် အမေရိကန် ဒေါ်လာဖြင့် ငွေကြေးလွှဲပြောင်းမှု၊ ငွေပေးချေမှုများကို စောင့်ကြည့်နေပြီး ငွေကြေးခဝါချမှု၊ အကြမ်းဖက် အဖွဲ့အစည်းအား ငွေကြေး ထောက်ပံ့မှုများ မဖြစ်စေရန် စောင့်ကြည့်ကြသည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။ မြန်မာနိုင်ငံမှ ကုန်သွယ် ရေးလုပ်ငန်းများအတွက် အမေရိ ကန်ဒေါ်လာဖြင့် ငွေပေးချေခြင်း၊ ငွေရယူခြင်းများတွင် စီးပွားရေး ပိတ်ဆို့မှုစာရင်း ပါဝင်သူများ ပါဝင်ခြင်းရှိ၊ မရှိ စောင့်ကြည့်နေ သည်။
 ထိုစောင့်ကြည့်စစ်ဆေးမှုကြောင့် အချိန်ကြာမြင့်ပြီး လုပ်ငန်းမတွင်ကျယ်သဖြင့် ဥရောပ၊ အမေရိကန်နိုင်ငံတို့မှ ဘဏ်များ က မြန်မာနိုင်ငံမှ ငွေကြေးတိုက် ရိုက် လွှဲပြောင်းမှုကို လက်မခံ ကြောင်း ပို့ကုန်လုပ်ငန်းရှင်များ က ပြောကြားသည်။

No comments: