ပဲခူးမြို့မှာ တနေ့တည်း မူးယစ်ဆေးမှု ၃ မှုနဲ့အတူ စိတ်ကြွဆေးပြား ၁ သောင်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။
ပဲခူးမြို့ မူးယစ်တပ်ဖွဲ့စု ၃၆ မှ ဦးဆောင်ပြီး ပဲခူးမြို့ အမှတ်(၁)နယ်မြေ ရဲစခန်းအပိုင်အတွင်း စက်တင်ဘာလ ၃ ရက်နေ့က မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ တနေ့တည်း မူးယစ်ဆေးဝါးမှု ၃ မှု၊ စိတ်ကြွဆေးပြား ၁၁၈၇၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးမြို့ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး အေးလွင်က ပြောပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းက ပဲခူးမြို့ မူးယစ်တပ်ဖွဲ့ စု(၃၆) ကတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါး သတင်းအရ ပဲခူးမြို့၊ မြို့သစ် (ခ)ရပ်ကွက်၊ ကြယ်တာယာ တိုက်တန်းလျား အခန်းအမှတ် (၅) က နေလင်းထွန်းနဲ့ ဇနီးဖြစ်သူ မစုစုလွင်တို့ရဲ့ အခန်းကို ၀င်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၄၅ ပြားကို ဖမ်းဆီးမိခဲ့ပါတယ်။
ဒီနောက် ကွင်းဆက်အရ သဇင်လမ်းရှိ မဇာဇာဝေဖြိုးရဲ့ နေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိငွေ ငါးသောင်းနဲ့အတူ စိတ်ကြွဆေးပြား ၆၂၄၀ ကို ထပ်မံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
မဇာဇာဝေဖြိုးကို စစ်ဆေးမေးမြန်းချက်အရ ပဲခူးမြို့ အောင်မြေသာ ရပ်ကွက်၊ အောင်မြေသာ ၃ လမ်း၊ အမှတ် ၄၁၆ မှာနေတဲ့ ကိုအောင်အောင်နဲ့ မအေးအေးမျိုးတို့နေအိမ်ကို ရှာဖွေရာမှာ စုစုပေါင်း စိတ်ကြွဆေးပြား ၅၅၈၅ ပြားကို ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့အားလုံးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဖမ်းဆီးအရေးယူထားပြီး ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အခုလိုဖမ်းမိတာဟာ ပဲခူးမြို့အနေနဲ့ ဒါဟာ ပထမ ဆုံးအကြိမ်အနေနဲ့ အများဆုံး ဖမ်းမိတာဖြစ်တယ်လို့ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး အေးလွင်ကပြောပါတယ်။
သတင်းဓာတ်ပုံ – အောင်စိုးမိုး(ပဲခူး)
No comments:
Post a Comment