ရန်ကုန်၊ စက်တင်ဘာ ၂၂
တောင်ဥက္ကလာပမြို့နယ်၊ (၃) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သန္တာလမ်းထောင့်တွင် စက်တင်ဘာလ ၂၁ ရက် နံနက် ၃ နာရီက မူးယစ်သတင်းရရှိထားသော မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးခဲ့စဉ် ယင်းယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးက စကေဘာဖြင့် ပြန်လည်ခုခံခဲ့သောကြောင့် ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ စကေဘာဖြင့် ရန်ပြုတိုက်ခိုက်ခဲ့သော အသက် ၄၂ နှစ်အရွယ် ဦးမျိုးဆွေမှာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ရန်ကုန်မြို့အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ မူးယစ်ဆေးဝါး ရောင်းချနေသူဖြစ်ကြောင်း သတင်းရရှိသဖြင့် ယင်းနေ့က ၎င်းနှင့် အသက် ၃၀ အရွယ် ဦးကောင်းမြတ်ထွန်းတို့ နှစ်ဦး လိုက်ပါလာသည့် တိုယိုတာယာဉ်ကို တားဆီးစစ်ဆေးခဲ့ကြောင်း တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပမှာ ညီအစ်ကိုနှစ်ဦးကို မူးယစ်အမှုနဲ့ ဖမ်းဆီးမိခဲ့တယ်၊ စစ်ဆေးရာက ကွင်းဆက် မူးယစ်ဆေးဝါး ရောင်းချနေသူကို ထပ်ဖမ်းမိခဲ့တာ၊ မူးယစ်ဆေးဝါး ရောင်းသူက စကေဘာနဲ့ ပြန်ရန်ပြု တိုက်ခိုက်ခဲ့တာကြောင့် သတ်ပုတ်ဖမ်းဆီးခဲ့တဲ့ ရဲတပ်သား တစ်ယောက် ဖူးရောင်ဒဏ်ရာတွေ ရခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စကေဘာဖြင့် ရန်ပြုတိုက်ခိုက်ခဲ့သောဦးမျိုးဆွေထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၇၁၈ ပြားကို သိမ်းဆည်းရမိခဲ့ပြီး တောင်ဥက္ကလာပ မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉ (က)/ ၂၀ (က)/ ၂၁/ ၂၂ (ခ) ဖြင့် လည်းကောင်း၊ တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းကို နာကျင်ဒဏ်ရာ ရရှိအောင် ပြုလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၂ ဖြင့် လည်းကောင်း အမှုဖွင့်စစ်ဆေးလျက် ရှိသည်။
No comments:
Post a Comment