Posted: September 21, 2016
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတရားခံအား ဖမ်းဆီးပြီးအပြန်တွင် စောင့်ကြိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဒုရဲမှူး အောင်နိုင်ဦးအား မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် အရေးပေါ် အခြေအနေတင်ပို့ ကုသခဲ့ရကြောင်း မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါး တရားခံအား ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို လူတစ်စုကလမ်းမှာ စောင့်ကြိုကာ တုတ်၊ ဓားများဖြင့် တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးတစ်ဦး ဓားခုတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်ခံရမှုကြောင့် မူးယစ်ဆေးရောင်းဝယ်သူ ဦးအောင်ကျော်ဝင်းမှာ ပြန်လည် လွတ်မြောက် သွားသော်လည်း ဘိန်းဖြူအလေးချိန် ၁၁၇ ဒဿမ ၄၀၀၁ ဂရမ်၊ WY တံဆိပ်ပါ စိတ်ကြွဆေး ၂၉၈၅ လုံး၊ ငွေကျပ် ၁၇ သိန်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရဲဘက်ပြေး ဦးအောင်ကျော်ဝင်း အပါအဝင် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သူများကို မူးယစ်ဆေးဝါးမှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ တာဝန်ရှိဝန်ထမ်းများကို ထိခိုက်နာကျင်စေအောင် ပြုမူမှု၊ လက်နက်ဥပဒေပုဒ်မ စသည် ပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ဆိုသည်။
“ဒုရဲအုပ်ပဲ သေနတ်ကပါတာ၊ သူတို့က လူအုပ်နဲ့ရိုက်နှက်ပြီး ပြန်လုသွားတာ။ ဒုရဲအုပ်ဆီက ခါးပတ်ကို ဖြုတ်ပြီး သေနတ်ပါယူသွားတယ်၊ အခင်းဖြစ်နေရာမှာ လက်ပစ်ဗုံး ၂ လုံးကိုလည်း သိမ်းဆည်းရမိထားတယ်” ဟု လုံးတုံရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
စက်တင်ဘာ ၁၉ ရက် နေ့က ဒုရဲမှူး အောင်နိုင်ဦး အပါအဝင် ရဲတပ်သား ၄ ဦးနှင့် အရပ်သားသက်သေ ၆ ဦးမှာ မူးယစ်ဆေးဝါးများနှင့်အတူ ရဲဘက်ပြေး ဦးအောင်ကျော်ဝင်း (ခ) ဘိုးတော် ကို တောထဲတွင် ဖမ်းဆီးရ မိခဲ့သော်လည်း လက်နက်များ ကိုင်ဆောင်ထားသော လူ ၂၀ ခန့်က ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ ဦးအောင်ကျော်ဝင်းကို ပြန်လည်လုယူသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment