ရန်ကုန်၊ စက်တင်ဘာ ၁၅
အမေရိကန်
ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေး အရေးယူ
ပိတ်ဆို့မှုများ (Sanctions) ကို ဖယ်ရှားပေးရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း
အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ထုတ်ပြန် ကြေညာလိုက်သည်။
ထို့ကြောင့်
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအပိုင်းတို့တွင်
များစွာ တိုးတက်လာနိုင်ကြောင်း မြန်မာ့စီးပွားရေး ကျွမ်းကျင်သူများက
သုံးသပ် ပြောကြားသည်။
စီးပွားရေး ပိတ်ဆို့မှုများ
ဖယ်ရှားပေးမည့် ထုတ်ပြန်ကြေညာချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ စက်တင်ဘာလ ၁၄ ရက်နေ့က
အိမ်ဖြူတော်၌ တွေ့ဆုံ ဆွေးနွေးပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ဒါက
ဖယ်ရှားပေးတာထက် ဥပဒေကို ပယ်ဖျက်ပေးတာက ပိုပြီး အကျိုးသက်ရောက်မှု
ရှိစေပါတယ်။ ဖယ်ရှားပေးတာကတော့ အရင်ကလည်း ဒီလို လုပ်နေတာပဲလေ။
ဒီလိုပယ်ဖျက်ပေးမှ အမေရိကန် ဘဏ်တွေဝင်လာပြီး FDI (နိုင်ငံခြား တိုက်ရိုက်
ရင်းနှီးမြှုပ်နှံမှု) လည်း အလုံးအရင်းနဲ့ ဝင်လာနိုင်မယ်။
ကုန်သွယ်မှုပိုင်းမှာလည်း အမေရိကန်တင် မဟုတ်ဘဲ ဥရောပနိုင်ငံတွေနဲ့ပါ
ကောင်းမွန်လာစေမယ်။ အခုက အမေရိကန်ဘဏ်တွေနဲ့ ဥရောပဘက်က ဘဏ်တွေ မရှိတာကြောင့်
အဲဒီဘက်က နိုင်ငံတွေနဲ့ ကုန်သွယ်မှုက မရှိဘူး ဖြစ်နေတယ်" ဟု
ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင် ဦးသန်းလွင်က ပြောဆိုသည်။
အမေရိကန်ဘဏ်များနှင့်
ဥရောပ ဘဏ်များ ဝင်ရောက်လာမည်ဆိုပါက ယင်းနိုင်ငံများနှင့် ကုန်သွယ်မှု
ပြုရာတွင် လက်ရှိ ဆောင်ရွက်နေရသည့် ကြားခံဆောင်ရွက်မှုများ
မရှိတော့ခြင်းကြောင့် ကုန်ကျစရိတ်ပိုင်းတွင်လည်း များစွာ
သက်သာသွားစေနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ထိုသို့
အရေးယူ ပိတ်ဆို့မှုများ ဖယ်ရှားပေးမည့်အပေါ် မြန်မာ့စီးပွားရေး
ကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များက ကြိုဆိုထောက်ခံပြီး
မြန်မာ့စီးပွားရေး တိုးတက်မှုကို များစွာ အထောက်အကူ ပြုစေနိုင်ကြောင်း
၎င်းတို့က မှတ်ချက်ပြု ပြောကြားသည်။
"ဒီလိုလုပ်ပေးတာ
ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန်မှ ကောင်းမွန်တဲ့ သတင်းထူးတစ်ခုပဲ။
မြန်မာနိုင်ငံအတွက် အကျိုးအများကြီး ရစေနိုင်ပါတယ်။
စီးပွားရေးပိုင်းမှာလည်း အများကြီး တိုးတက်လာနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်လေ ကြိုးတစ်ချောင်းပဲ ချည်ထားခံရခံရ၊ နှစ်ချောင်းပဲ ခံရ၊
ခံရတယ်ဆိုရင် အများကြီး အကန့်အသတ် ရှိတာပေါ့။ ဒါတွေသာ မရှိတော့ဘူးဆိုရင်
ကျွန်တော်တို့ရဲ့ ကြိုး စား အားထုတ်မှုတွေက ပိုပြီးတော့ ထိထိရောက်ရောက်
ရှိလာမှာပေါ့" ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောဆိုသည်။
ထို့ကြောင့်
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု
အပိုင်းတို့တွင်များစွာ တိုးတက်လာနိုင်ပြီး အမေရိက၏ အချို့သော
ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုများ
ပြုလုပ်ထားခြင်းကြောင့် လာရောက် ရင်းနှီးမြှုပ်နှံရန် စိုးရိမ်ပူပန်မှုများ
ရှိနေရာ ထိုကုမ္ပဏီကြီးများလည်း ပိတ်ဆို့မှုများ ရုပ်သိမ်းပေးမည်ဆိုပါက
ဝင်ရောက်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
"ဒီလို
ဖယ်ရှားပေးမယ်ဆိုတဲ့ နေရာမှာလည်း အကုန်လုံးတော့ မဖြစ်နိုင်ပါဘူး။
ကျွန်တော်တို့ တောင်းဆိုသင့်တာကလည်း ကျွန်တော်တို့ တိုင်းသူ
ပြည်သားတွေအတွက် အကျိုးရှိစေမယ့် (ပိတ်ထားတဲ့)အရာတွေကိုပဲ ဖယ်ရှားပေးဖို့
တောင်းဆိုသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် စီးပွားရေးကို အများကြီး
အကျိုးပြုစေနိုင်ပါတယ်" ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုက
မြန်မာနိုင်ငံအပေါ် ထားရှိသော ပိတ်ဆို့ အရေးယူမှုများမှာ ဥပဒေငါးခု၊ သမ္မတ
အုပ်ချုပ်ရေး အမိန့်ခြောက်ခုတို့ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး
ဥပဒေများကို ပယ်ဖျက်နိုင်ရန် ကွန်ဂရက်လွှတ်တော်က ၎င်း၏ လုပ်ထုံး
လုပ်နည်းများနှင့်အညီ ဆောင် ရွက်ရမည်ဖြစ်ကာ သမ္မတအုပ်ချုပ်ရေး
အမိန့်များမှာလည်း ထိုဥပဒေများနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။
ထို့ကြောင့်
အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားရေးအတွက် အချိန်အနည်းငယ်ယူရန်
လိုအပ်ခြင်းကြောင့် 'မကြာမီ' တွင် ဖယ်ရှားပေးမည်ဖြစ်ကြောင်း သမ္မတ
အိုဘားမားက ပြောကြားခဲ့သည်။
ထိုသို့ အိုဘားမားက
အရေးယူ ပိတ်ဆို့မှုများကို မကြာမီ ဖယ်ရှားပေးမည်ဟု ဆိုသော်လည်း ယခုနှစ်
မေလအတွင်းက သက်တမ်း ကုန်ဆုံးတော့မည့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့်
စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများကို သက်တမ်း ထပ်တိုးရန် အမေရိကန် ဥပဒေပြု
အမတ်များက တောင်းဆိုခဲ့ဖူးသည်။
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စုသို့
ရောက်ရှိပြီး အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment