Saturday, September 3, 2016

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူနောက်ထပ်နှစ်ဦး တွေ့

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ လူခုနစ်ဦးသည် အပြည့်အဝပြန်လည် နာလန်ထူလာပြီးနောက် ယင်းပြည်နယ်အတွင်း ဇီကာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နှစ်ဦးကို ထပ်မံတွေ့ရှိရကြောင်း ဒေသတွင်း သတင်းဌာနများက သတင်းထုတ်ပြန်သည်။
 
ချင်းမိုင်ပြည်နယ် ဆန်းဆိုင်ခရိုင်မှ အမျိုးသမီးနှစ်ဦးတွင် ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို တွေ့ရှိရကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ပါဝင်ချမ်နီပရာဆတ်က အတည်ပြု ပြောကြားသည်။ အသက် (၁၈) နှစ်နှင့် (၇၄) နှစ်အရွယ် အမျိုးသမီးနှစ်ဦး နာမကျန်းဝေဒနာခံစားရပြီးနောက် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို တွေ့ရှိရခြင်းဖြစ်သည်။
 
ဆန်းဆိုင်ခရိုင်တွင် ယခင်ကလည်း ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများဖြစ်ပွား ခဲ့ဖူးသည်။ ထိုင်းနိုင်ငံတွင် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း ဇီကာဗိုင်း ရပ်စ်ပိုးကူးစက်ခံရသူဦးရေ ထူးခြားစွာ မြင့်တက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
 
ထိုင်းနိုင်ငံတွင် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အကြား ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေမှာ တစ်နှစ်လျှင် ပျမ်းမျှငါးဦးရှိသည်။ ၂ဝ၁၆ ခုနှစ်၏ ပထမခြောက်လတာ ကာလအတွင်း ထိုင်းနိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်အားလုံးတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေ စုစုပေါင်း ၉၇ ဦးရှိကြောင်း ထိုင်းရောဂါထိန်းချုပ်ရေးဌာနက ပြောကြားသည်။
 
ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူများသည် အနည်းငယ်ဖျားနာပြီးနောက် အရေပြားတွင် အဖုအပိမ့်ထွက်ခြင်း၊ မျက်ခမ်းများ ရောင်ရမ်းခြင်း၊ ကြွက်သားများနှင့် အရိုး အဆစ်များ နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း ခံစားရမြဲဖြစ်သည်။ သို့သော် ၎င်းရောဂါ ပိုးကူးစက်ခံရပါက အသက်သေဆုံးနိုင် သည့် တိုင်အောင် ပြင်းထန်နိုင်သည်။
 
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် မကြာသေးမီက ဇီကာဗိုင်းရပ်စ် ကူးစက်ရောဂါဖြင့် သေဆုံးသွားပြီး ယင်းရောဂါဖြင့် သေဆုံးသူဦးရေမှာ သုံးဦးအထိ တိုးမြင့်သွားကြောင်း ဒေသတွင်း သတင်းများ၌ ဖော်ပြသည်။
 
Ref: MOI

No comments: