Friday, September 23, 2016

အိမ်ဖော်နှစ်ဦးနဲ့ သတင်းထောက်တို့ကို လုံခြုံရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတရုံး ညွှန်ကြား

အိမ်ဖော်နှစ်ဦးနဲ့ အမှုဖွင့်တိုင်ကြားခဲ့တဲ့ သတင်းထောက်တို့ကို လုံခြုံရေးအရ ကာကွယ်စောင့်ရှောက်မှုပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူတွေ လုံခြုံစွာနေထိုင်နိုင်ရေးနဲ့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအားပေးမှုတွေ ပြုလုပ်ပေးဖို့ကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ညွှန်ကြားထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတရုံးအနေနဲ့ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းက တာဝန်ရှိသူတွေရဲ့ အရေးယူဆောင်ရွက်ပုံ အသေးစိတ်ကိုလည်း သမ္မတရုံးကို တင်ပြဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားထားပါတယ်။

အခုကိစ္စမှာ လျော်ကြေးငွေ သိန်း ၅၀ နဲ့ ကြေအေးအောင် ဝင်ရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆောင်ရွက်မှုအခြေအနေတွေကိုလည်း လေ့လာစောင့်ကြည့်နေတယ်လို့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

No comments: