ရန်ကုန်မြို့လယ်
ဆူးလေဘုရားလမ်းပေါ်ရှိ အများပြည်သူဧရိယာဖြစ်သည့် ဆူးလေရှန်ဂရီလာဟိုတယ်ရှေ့
ကားပါကင်နေရာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက
ပြန်လည်ရယူခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်း နှင့်
တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါနေရာသည် ယခင်က အများပြည်သူပိုင်ဧရိယာဖြစ်ပြီး ယင်းနေရာကို ဟိုတယ် ကားပါကင်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ရာ ယင်းနေရာကို ယခုပြန်လည် ရယူခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါနေရာကို ယခင်အစိုးရ လက်ထက်များကတည်းက ဟိုတယ်၏ ကားပါကင်နေရာအဖြစ် အသုံးပြုခဲ့ကြောင်း၊ ယခု ယင်းနေရာကို ပြန်လည်ရယူပြီး ဖြစ်သောကြောင့် ယာဉ်သွားလမ်းအဖြစ် တိုးချဲ့မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားသည်။
ယင်းနေရာကို ယာဉ်သွားလမ်း နှစ်လမ်းနှင့် ပလက်ဖောင်းနေရာများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ “ဒီနေရာက အရင်တုန်းက အများပြည်သူပိုင် ဧရိယာ။ အဲဒါကို အခု ပြန်ယူလိုက်တာပါ။ အရင် အစိုးရ လက်ထက်ကတည်းက ကားပါကင် လုပ်ထားတာ။ အခု ပြန်ဖျက်နေတာ သုံးရက်လောက်ရှိပြီ။ လမ်းချဲ့ပြီး ကားရော၊ လူရော သွားလို့ရပါပြီ။ ဒါကို ပြန်ချဲ့ရင် ကားသွားဖို့ နှစ်လမ်းရမယ်။ လူသွားဖို့က ပလက်ဖောင်းရမယ်။ အဲဒီလိုလုပ်မယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ ကားပါကင်နေရာကို စတင်ဖျက်သိမ်းနေပြီ ဖြစ်ကြောင်း သိရသည်။
“အခု ကားပါကင် စဖျက်နေပြီ။ ဒီနေရာက ကိုယ့်ဟာကို ပြန်တောင်းတာ ဖြစ်တဲ့အတွက် ဟိုတယ်ဘက်ကလည်း လက်မခံလို့ မရဘူးလေ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မေ ၃၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်က အများပြည်သူပိုင် နေရာများအား ပြည်သူက ပြန်လည်ပိုင်ဆိုင်ခွင့်ရရေး ဆောင်ရွက်ပေးရန် အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုအား ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ထောက်ခံဆွေးနွေးရာတွင် “ကျောက်တံတားမြို့နယ်မှာ ဆိုရင်လည်း အများပြည်သူပိုင်ဖြစ်တဲ့ ဆူးလေလမ်းမကြီးပေါ်မှာလည်း အဆင့်မြင့်ဟိုတယ်ကြီးများက သူတို့ရဲ့ ပေါ်တီကိုဆင်ဝင်ကြီးများကို ပြည်သူပိုင်လမ်းမှာ ပိတ်ပြီး ဆောက်ထားတဲ့အတွက်ကြောင့် ယာဉ်ကြောပိတ်ဆို့မှု များပြားတဲ့ ရန်ကုန်မြို့လယ်မှာ ပြည်သူပိုင်လမ်းမကြီးတွေကို ပြည်သူက သွားလာခွင့်မရတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်”ဟု ထည့်သွင်းဆွေးနွေးမှုများ ရှိခဲ့သည်။

Writer:
ကျော်ထင်
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment