Thursday, September 22, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ စက်တင်ဘာ ၂၀

မိမိတို့အနေဖြင့် နိုင်ငံတော်ကို ကာကွယ်နိုင်သည့်၊ ပြည်သူလူထုကအားကိုးရသည့်၊ တိုင်းပြည်ကို အကျိုးပြုနိုင်သည့် တပ်မတော်ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက်များ အပေါ် အပြုသဘောဆောင်သည့် သုံးသပ်ချက်များရှိသကဲ့သို့ တစ်ချို့ အပြုသဘောမဆောင်သည်များလည်း ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E Mr. Mark Mc Dowell အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် ဧည့်သည်တော်သံအမတ်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများတွင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးနှင့် နိုင်ငံတော်အာဏာကို အေးချမ်းတည်ငြိမ်စွာ လွှဲပြောင်းနိုင်မှုတို့တွင် တပ်မတော်အနေဖြင့် ကြိုတင်ပြောဆိုခဲ့သည့်အတိုင်း မှန်ကန်စွာလုပ်ဆောင်ခဲ့သည်ကို အားလုံးမြင်တွေ့ရပါကြောင်း ဦးစွာပြောကြား၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုရရှိရေးအတွက် ဥပဒေနှင့် ညီညွတ်စွာဆောင်ရွက်နေမှု၊ ဥပဒေနှင့်မညီပါက ကာကွယ်ရမှုအခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်ရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသား များ၏ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် နည်းနိုင်သမျှနည်းစေရေး ၀ိုင်းဝန်းကူညီ လုပ်ဆောင်ပေးသင့်သည့် အချက်များ၊ မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် မိုင်းသစ်များထပ်မံမထောင်ရန် လိုအပ်မှုအခြေအနေများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ဖက်ဒရယ်နှင့်ပတ်သက်သည့် ၀ိသေသလက္ခဏာများနှင့် ကမ္ဘာ့နိုင်ငံတိုင်းတွင် တပ်မတော်တစ်ခုတည်းသာတည်ရှိမှု၊ အနာဂတ်ကာလ မြန်မာ့တပ်မတော်နှင့်ပတ်သက်သည့် သဘောထားအမြင်များ၊ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှုရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာမှုကို အထောက်အကူပြုခြင်းကြောင့် တပ်မတော် နှစ်ရပ်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကနေဒါနိုင်ငံသံအမတ်ကြီးအား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

No comments: