Monday, September 5, 2016

ရုတ်နှင့် မြန်မာ မွေးချင်းပေါက်ဖော်အကြား ဝေခွဲရခက်သော


05-Sep-20



David Steinberg ရေး၍ NLM ဘာသာပြန်သည်


တစ်အူထုံ့ဆင်း မွေးချင်းများဟူသော မြန်မာစကားမှ ဆင်းသက်လာသည့်  ‘ပေါက်ဖော်’ ဟူသော စကားလုံးသည် မြန်မာတို့နှင့် တရုတ်တို့အကြား ကာလရှည်ကြာ ဆက်ဆံခဲ့မှု ဓလေ့ထုံးစံကို ထင်ဟပ်လျက်ရှိသည်။ ယင်းစကားလုံးကို သတင်းများတွင် ပြန်လည်ဖော်ပြလာကြရာ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ သြဂုတ်လ ဘေဂျင်းခရီးစဉ်အပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် သုံးစွဲထားသည့်အပြင် သြဂုတ်လ ၂၀ ရက်နေ့က နိုင်ငံပိုင် Global New Light of Myanmar ရှေ့မျက်နှာဖုံးတွင်လည်း ဖော်ပြထားသည်။


တစ်အူထုံ့ဆင်းဟု အဓိပ္ပာယ်ရသော ‘ပေါက်ဖော်’ သည် တရုတ်နှင့် မြန်မာအကြား ဆက်ဆံရေး အတိုင်းအတာကို ညွှန်ပြနေသည်။ ဤအချက်ကို ၁၉၅၆ ခုနှစ်က ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်း၏ မိတ်ဆွေ ကဗျာဆရာ ကျန်းရီ၏ ‘ဗမာမိတ်ဆွေများအတွက်’ ဟူသော ကဗျာတွင်လည်း သရုပ်ဖော်ထားသည်။


တို့တွေဟာ အိမ်နီးချင်း မိတ်ဆွေတွေဖြစ်တယ်

တို့ရဲ့ခင်မင်မှုဟာ ရှည်ကြာခဲ့ပြီ

အိုမင်းခြင်းမရှိတဲ့ အမြဲစိမ်းတောတွေလိုပေါ့

မြစ်ရေအလျဉ်ဟာ အမြဲစီးဆင်းနေသလို

တို့မြေတွေကလည်း တစ်ဆက်တည်းပဲ

တောင်တန်းတွေရဲ့ အခြေမှာ၊ 

မြစ်တစ်စင်းတည်းရဲ့ နံဘေးမှာ

နယ်ချဲ့ဆန့်ကျင်ရေးက တစ်ဆင့် 

တို့တွေ လွတ်မြောက်ခဲ့ကြပြီ

တို့တွေ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လို့

ဘာသာစကားချင်းလည်း ယှက်နွှယ်

စည်းစည်းလုံးလုံး ရိုင်းပင်းကူညီရင်း

ငြိမ်းချမ်းရေးဟာ အင်အားကြီးလာခဲ့ပေါ့

မြစ်တို့ရဲ့နံဘေးမှာ နေထိုင်ရင်း

သူတို့ရဲ့စီးဆင်းမှုကို ဂုဏ်ယူတဲ့အခါ

တောင်တွေကို တက်လို့

သူတို့ရဲ့ကြီးမြတ်မှုကို တေးသီတဲ့အခါ

တောင်တန်းတွေက 

မြောက်ဘက်ကို မျက်နှာ မူမြဲမူထားပြီး

မြစ်တွေကလည်း တောင်ဘက်ဆီကို 

စီးမြဲစီးသွားကြတယ်


၁၉၅၀ ခုနှစ်များအတွင်း တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် မြန်မာဝန်ကြီးချုပ် ဦးနုတို့အကြား ဆက်ဆံရေး နွေးထွေးနေသည့် အချိန်တွင် ကျန်းရီက ယင်းကဗျာကို ဂုဏ်ပြုရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။


သို့ရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံမှုကဏ္ဍ အတွင်းသို့ အမှန်တရား ချင်းနင်းဝင်ရောက်လာသော အခါတွင်မူ တရုတ်တို့က ၎င်းတို့သည် အဦးဆုံး မွေးဖွားလာသူ ဖြစ်သောကြောင့် ၎င်းကိုယ်၎င်း အစ်ကိုကြီးဟု သတ်မှတ်ယူဆလာခဲ့သည်။ တရုတ်ပြည်သည် အရှေ့တောင်အာရှ ကုန်းမြေကို ၎င်း၏ ရှေးခေတ်နှင့် ယခုခေတ် သြဇာစက်ကွင်း အတွင်းတွင် ရှိသည်ဟု သေချာပေါက် ယူဆထားကြသည်။


မြန်မာနိုင်ငံသည် တရုတ်တို့နှင့် ဆက်ဆံရေးကောင်းရန် အမြဲလိုအပ်နေသည်။ အလားတူ တရုတ်၏ မဟာဗျူဟာဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များတွင်လည်း မြန်မာတို့နှင့် ဆက်ဆံရေးကောင်းရန် လိုအပ်သည်။ သို့ရာတွင် သမိုင်းစာမျက်နှာကို ပြန်ကြည့်သည့်အခါ ‘ပေါက်ဖော်’ သည် အမှန်တကယ်တွင် အောင်မြင်မှု မရသည့် အတွေးအခေါ်တစ်ခု ဖြစ်ပြီး လူထုဆက်ဆံရေးအတွက် မရှိမဖြစ် သုံးစွဲသော စကားလုံး တစ်ခုသာဖြစ်သည် ဟူသော ကောက်ချက်သာလျှင် ထွက်ပေါ်လာသည်။


တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် အမြဲတစေ ချောမွေ့နေခြင်း မရှိပါ။ တရုတ်တို့သည် ၁၃ ရာစုတွင် ပုဂံကို စီးနင်းသိမ်းပိုက်ခဲ့ပြီး နောက်ထပ် ကျူးကျော်မှုများစွာကိုလည်း ပြုလုပ်ခဲ့သည်။ ၁၉ ရာစုအထိ မြန်မာတို့သည် တရုတ်တို့၏ လက်ဝေခံ နိုင်ငံသဖွယ် ဖြစ်ခဲ့သည်။ ၁၉၅၀ ခုနှစ်များတွင်မူ တရုတ်ဖြူ ကူမင်တန်တပ်များကို ဖယ်ရှားရန် တရုတ်နီကွန်မြူနစ်တပ်များ နိုင်ငံမြောက်ပိုင်းသို့ ဝင်ရောက်လာမည်ကို ရန်ကုန်မှ စစ်အစိုးရက စိုးရိမ်စ ပြုလာခဲ့သည်။ ၁၉၆၇ တွင်မူ မော်စီတုန်း၏ ယဉ်ကျေးမှု တော်လှန်ရေးကို တုံ့ပြန်သည့်အနေနှင့် မြန်မာလူထုက တရုတ်ဆိုင်များကို ဖျက်ဆီးကာ တရုတ်သံရုံးကိုပါ စီးနင်းခဲ့ကြသည်။ ၎င်း တရုတ်-ဗမာ အဓိကရုဏ်းတွင် လူ ၃၀ ခန့် သေဆုံးခဲ့ပြီး သံတမန် ဆက်ဆံရေး ပျက်ပြားသွားသည်။ ထိုစဉ်က မြန်မာစစ်အစိုးရက ပြည်တွင်းစီးပွားရေး မူဝါဒများအပေါ် လူထုဒေါသထွက်မှုကို အာရုံလွှဲရန်အတွက် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ထိန်းချုပ်ခြင်း မပြုခဲ့ဟု ဆိုကြသည်။


မကြာသေးမီ နှစ်ပိုင်းများအတွင်း မြန်မာနိုင်ငံတွင် မီဒီယာဆင်ဆာ ဖြေလျှော့ပေးလိုက်သည့်အခါ အားကောင်းသော တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ ထွက်ပေါ်လာခဲ့သည်။ ကချင်ပြည်နယ်မှ အငြင်းပွားဖွယ် မြစ်ဆုံတမံစီမံကိန်း၊ နိုင်ငံအတွင်း နေရာတကာမှ တရုတ်စီးပွားရေး နယ်ချဲ့မှုများ၊ လက်ပံတောင်း တရုတ်ကြေးနီ စီမံကိန်းတွင် ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲမှုများ၊ နိုင်ငံလူဦးရေ၏ ၂ - ၃ ရာခိုင်နှုန်းခန့်အထိ ရှိနေပြီဟု အချို့က ခန့်မှန်းကြသော တရုတ်လူမျိုးများ တရားမဝင် နယ်စပ်ဖြတ်ကူး ဝင်ရောက်နေမှုများ စသည့် အကြောင်းရင်း အားလုံးသည် စီးပွားရေးနှင့် ယဉ်ကျေးမှု ဝါးမျိုခံရမည့် အန္တရာယ်ကို စိုးရိမ်သော အမျိုးသားရေးစိုးရိမ်မှု အယူအဆများ ပြန်လည်ထွက်ပေါ်လာအောင် တွန်းအားပေးလျက်ရှိသည်။ တရုတ်တွေ ရှူရှူပေါက်လိုက်ရင် မြန်မာတွေ ရေကူးနေရမယ်ဟူသော စကားမှာ လူသိများသော မြန်မာဟာသတစ်ခု ဖြစ်သည်။ မြန်မာတို့၏ စိုးရိမ်ပူပန်မှုသည် မွေးချင်းပေါက်ဖော်များ အကြား ငြင်းခုံသည့် အဆင့်ထက် ပိုလာခဲ့ပြီ ဖြစ်သည်။


၁၉၈၈ ဒီမိုကရေစီ တော်လှန်ရေး ဖြိုခွဲခံရပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် တရုတ်စီးပွားရေး သမားများ ခြေချင်းလိမ်အောင် ဝင်ရောက်လာသကဲ့သို့ တရုတ်လုပ် စစ်လက်နက်ပစ္စည်းများ တပုံတပင် ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံသည် တရုတ်ပြည်မကြီး၏ လက်ဝေခံ ဖောက်သည်နိုင်ငံ ဖြစ်နေပြီဟု အနောက်အုပ်စု မီဒီယာများနှင့် နိုင်ငံအချို့က ယုံကြည်နေပါက ၎င်းတို့ အမှားကြီး မှားပေလိမ့်မည်။ စစ်အစိုးရ ပြောင်းလဲစေရန် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသော အမေရိကန် မူဝါဒကို တုံ့ပြန်ရာတွင် မြန်မာနိုင်ငံ အနေနှင့် တရားဝင်နှင့် တရားမဝင် ကုန်သွယ်မှု နှစ်မျိုးစလုံးတွင် အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သူ၊ နိုင်ငံတွင်း အများဆုံး ရင်းနှီးမြှုပ်နှံသူ၊ သံတမန်ရေး ကာကွယ်ပေးသူ တရုတ်နိုင်ငံကို သေချာပေါက် တရင်းတနှီး ရှိရပေလိမ့်မည်။


စီးပွားရေး အကြောင်းရင်းများ


သို့ရာတွင် နိုင်ငံမြောက်ပိုင်းမှ ကျွန်းသစ်၊ ကျောက် စိမ်း၊ ရွှေနှင့် အခြားရှားပါး သယံဇာတများကို ထုတ်ယူရာတွင် ပတ်သက်နေသော စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် မဟာဗျူဟာဆိုင်ရာ စိုးရိမ်စရာများထက် ဘောင်ကျော်လာသော တရုတ်တို့၏ အကျိုးစီးပွားကို မြန်မာနိုင်ငံတို့က ကောင်းစွာ သိရှိထားသည်။


တရုတ်နိုင်ငံသည် နှစ်နိုင်ငံ နယ်စပ်မှ နှစ်ပေါင်းများစွာ ကြာညောင်းနေသော လက်နက်ကိုင် တော်လှန်မှုများကို အဆုံးသတ်စေခြင်းဖြင့် တောင်ပိုင်းဒေသ ယူနန်ပြည်နယ်ကို လုံခြုံမှု ရှိစေရန်နှင့် မြန်မာဘက်မှ ဒုက္ခသည်များ စီးဝင်လာမှုကို ရှောင်ရှားရန် လိုလားနေသည်။ ပိုမိုကျယ်ပြန့်သည့် မဟာဗျူဟာအရမူ ဘေဂျင်း၏ အဓိက လိုလားမှုသည် ဒေသတွင်းသို့ အမေရိကန် ဝင်မလာအောင် ထိန်းထားရေးပင် ဖြစ်သည်။ အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်လာခြင်းကို တရုတ်ဆန့်ကျင်ရေး မူဝါဒ အစီအစဉ်တစ်ခုဟု ဘေဂျင်းက ယူဆထားပြီး အမေရိကန်၏ မဟာမိတ် ဂျပန်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများ မြန်မာနိုင်ငံတွင် မြင့်တက်လာခြင်းကလည်း ဘေဂျင်းအတွက် နောက်ဆက်တွဲ ပူပန်စရာ ဖြစ်နေသည်။ အငြင်းပွား ဆင်ကာကူ ကျွန်းစုတွင် အမေရိကန်-ဂျပန် ပူးပေါင်းဆောင်ရွက်နေမှုနှင့် မြန်မာနိုင်ငံတွင် ဂျပန်တို့ အရေးပါလာခြင်းကို ဘေဂျင်းက ဆက်စပ်စဉ်းစားနေခြင်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နှင့် အမေရိကန်တို့၏ ပူပန်မှုများကိုသာမက သူမ သွားရောက်မည့် ခရီးစဉ်များကိုပါ ဂရုတစိုက် ကိုင်တွယ်လျက်ရှိသည်။ အမေရိကန်သို့ သွားရောက်မည့် ခရီးစဉ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရင်း ဝါရှင်တန်နှင့် ညှိနှိုင်းဆွေးနွေးရန် အခွင့်သာမည်ဖြစ်ပြီး၊ ဦးစွာ သွားရောက်ခဲ့သော တရုတ်ခရီးစဉ်မှာမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စ ညှိနှိုင်းရင်း ဘေဂျင်းကို နှစ်သိမ့်ရန် ဖြစ်ပေလိမ့်မည်။ တရုတ်ခရီးစဉ် မတိုင်မီ ရေလှောင်တမံ စီမံကိန်း အားလုံးကို ပြန်လည်သုံးသပ်ရန် လေ့လာရေးကော်မရှင် ဖွဲ့စည်းသည့် ဆုံးဖြတ်ချက်သည် ဘေဂျင်းတွင် ရှိနေစဉ် ဖိအားကျရောက်နိုင်မှုကို ကြိုတင်ဖယ်ရှားရန် စီမံခြင်း ဖြစ်နိုင်သည်။ မြစ်ဆုံတမံ ပြန်စလိုသည့် တရုတ်နိုင်ငံအား သူမက ၎င်းတမံစီမံကိန်းသည် သူမ လက်ထဲတွင် မရှိကြောင်း ပြောဆိုကာ ရှောင်လွှဲနိုင်သည်။


လေ့လာရေးကော်မရှင် အနေနှင့် ဒေသတွင်း မြေငလျင်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေများကို အကဲဖြတ်ခြင်းအားဖြင့် မြစ်ဆုံစီမံကိန်းအစား အခြားတမံစီမံကိန်းများကို အစားထိုး ခွင့်ပြုပေးရန် ဖြစ်နိုင်ခြေကို ထုတ်ပြန်ပေးနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြစ်ဆုံတမံ စီမံကိန်းကို ခွင့်ပြုပေးလိုက်ပါက နိုင်ငံနှင့် လူထုအပေါ် သူမ၏ သြဇာအာဏာ ကြီးမားမှုကို ထိခိုက်စေမည့် နိုင်ငံရေး၊ အမျိုးသားရေး၊ တိုင်းရင်းသားအရေး ပြဿနာပေါင်းစုံကို ဖိတ်ခေါ်ဖန်တီးရာ ရောက်ပေလိမ့်မည်။


ဘေဂျင်း၏ အမြင်တွင်မူ ဝါရှင်တန်က ခိုင်ခိုင်မာမာ ထောက်ခံအားပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ထွန်းကားရေး တစ်သမတ်တည်း တောင်းဆိုလှုပ်ရှားမှုများသည် မြန်မာနိုင်ငံရှိ အရေးကြီးသော တရုတ်အကျိုးစီးပွားများအပေါ် ခြိမ်းခြောက်မှုဟု ရှုမြင်နိုင်ဖွယ် ရှိသည်။ သို့သော် ဤအမြင်သည်လည်း မှားယွင်းနေသည်။ မြန်မာနိုင်ငံသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံးကို မျှတသည့်ပုံစံဖြင့် ဆက်ဆံရန် ဂရုတစိုက် လုပ်ဆောင်လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကပင် နိုင်ငံရေးသမား ဖြစ်လာသောအခါတွင် တရုတ်ကို သောကပိုစေမည့် ပုံစံမျိုးဖြင့် အမေရိကန်အပေါ် မှီခိုအားထားလိမ့်မည် မဟုတ်ပေ။


တရုတ်နှင့် မြန်မာအကြား သိသာထင်ရှားသော ကွဲလွဲမှုများနှင့် အခြားပြဿနာများစွာ ရှိသော်လည်း တာဝန်ယူမှု ရှိသော စိတ်ရင်းစေတနာမှန် ဆက်ဆံရေး လိုအပ်ကြောင်း ပေါ်လွင်ထင်ရှားပြီး ယင်းအချက်ကို အမေရိကန်ကလည်း နားလည်သည်။ မည်သည့် မြန်မာအစိုးရမဆို တိုင်းပြည်တွင် ဘက်မလိုက်သော၊ ဟန်ချက်ညီသော နိုင်ငံခြားရေးမူဝါဒ ရှိရန် လိုအပ်ခြင်းသည် အမျိုးသားအဆင့် အကျိုးစီးပွားဖြစ်ကြောင်း ဆုံးဖြတ်မည်သာ ဖြစ်သည်။ အမေရိကန် ကဗျာဆရာ ရောဘတ်ဖရော့စ်၏ စကားလုံးကို ဥပမာပေးရလျှင် အိမ်နီးချင်းကောင်းများ ရှိအောင် ပြုလုပ်ရန်အတွက် ခြံစည်းရိုးကောင်းကောင်း မလိုအပ်ပါ။



မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: