Friday, September 16, 2016

မြစ်ဆုံကော်မရှင် ဒေသခံများနှင့် တွေ့ဆုံမည်

မြစ်ကြီးနား၊ စက်တင်ဘာ ၁၅

ဧရာဝတီ-မြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့သည် စက်တင် ဘာလ ၁၆ ရက်နေ့ (ယနေ့)တွင် မြစ်ဆုံသို့ သွားရောက် လေ့လာမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။ 

အဆိုပါ ကော်မရှင်သည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ပြည်နယ် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒုတိယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြစ်ဆုံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ယင်းနောက် လုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းခွင် နေရာများကို ရဟတ်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲတပ်ဖွဲ့မှူး ထွန်းဦးက ပြောကြားသည်။ 

“အကြမ်းအားတော့ မြစ်ဆုံသွားမယ်။ နောက်နေ့မှာ အပေါ်ကနေ ရဟတ်ယာဉ်နဲ့ လှည့်မယ်။ ပြီးတော့ နောက်ဆုံးနေ့မှာ တွေ့ဆုံပွဲ လုပ်မယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ကော်မရှင်ကို အဖွဲ့ဝင် ၂ဝ ဦးနှင့် ဖွဲ့စည်းထားပြီး ယင်းအဖွဲ့မှ ၁၅ ဦးမှာ မြစ်ကြီးနား ဒေသသို့ ရောက်ရှိကာ ဒေသခံ လူထုနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဝင်းသိန်းက ပြောကြားသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့ကတော့ စီမံကိန်းမလုပ်ဖို့ ကန့်ကွက်မှာပဲ”ဟု မြစ်ဆုံဒေသခံ ကိုဇာဂျီးက ဆိုသည်။

ဧရာဝတီ- မြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ် သုံးသပ်ရေး ကော်မရှင်သည် မြစ်ကြီးနား ဒေသသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး လေးရက်ကြာ လေ့လာ တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရ သည်။

ဧရာဝတီမြစ်တွင် ရေအားလျှပ်စစ် ထုတ်ယူရေး စီမံကိန်းများ အကောင်အထည်ဖော်ရန် CPI ကုမ္ပဏီနှင့် အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့က နားလည်မှု စာချွန်လွှာကို ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလက သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူ စာချုပ်တွင် ဆည် ခုနစ်ခုမှ လျှပ်စစ်ဓာတ်အား ထုတ်ယူမည်ဖြစ်ကာ မေခမြစ်ပေါ်တွင် ငါးခု၊ မလိခ မြစ်ပေါ်တွင် တစ်ခုနှင့် မေခ-မလိခ မြစ်ဆုံတွင် တစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။





မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: