နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများ (သို့မဟုတ်)
ပြည်သူများထံမှ ဆင်း သက်ရမည်ဖြစ်သည့်အားလျော်စွာ နိုင်ငံသားများ
(သို့မဟုတ်) ပြည်သူများသည် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များပင်ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်ဖြစ်စေ၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ဖြစ်စေ နိုင်ငံသားများ (သို့မဟုတ်) ပြည်သူများ၏
ဆန္ဒသဘောထားကို ကိုယ်စားပြုနိုင်မှသာ အစိုးရသည် ပြည်သူနှင့်
တစ်သားတည်းဟုဆိုနိုင်သည်။ အိတ်ဖွင့်ပေးစာများသည် နိုင်ငံသားများ
(သို့မဟုတ်) ပြည်သူများ၏ အသံနှင့် ဆန္ဒသဘောထားများကို ထင်ဟပ်သည့်အားလျော်စွာ
တရုတ်- မြန်မာ ပြည်သူ-ပြည်သူချင်းဆက်ဆံမှု မြှင့်တင်နိုင်ရေးတွင်
အဓိကစိန်ခေါ်ချက်များကို ဖော်ပြနေမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန် ကြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်း ဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် မစ္စတာလီကီ ကျန်း၏ တရားဝင်ဖိတ်ကြားမှုအရ ချစ်ကြည်ရေးအလည်အပတ်ခရီး စတင်ရန် တရုတ်နိုင်ငံ ဘေဂျင်း မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ၂၀၁၆ ခုနှစ် ဩဂုတ် ၁၇ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Liu Zhen နှင့် တာဝန်ရှိသူများက ဘေဂျင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။ အစိုးရသစ်အနေဖြင့် အိမ်နီးချင်းမဟာအင်အားကြီး တရုတ်နိုင်ငံနှင့်မဟာဗျူဟာ ဆက်ဆံရေးစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်မည့် ကနဦးခြေလှမ်းများအနက် အရေးပါသော ခြေလှမ်းဟု ဆိုနိုင်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့၏ တရုတ်နိုင်ငံချစ် ကြည်ရေးခရီးစဉ် စတင်သည့်နေ့ တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံရှိ နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့ အစည်းများက မြန်မာနိုင်ငံဆိုင် ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှတစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ စီကျင်းပင်ထံ ပေးပို့မည့် ဩဂုတ် ၁၈ ရက်နေ့စွဲပါ အိတ်ဖွင့်ပေးစာ ကို လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ထို့အတူ ရှမ်း ပြည်နယ်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်း ၂၆ ဖွဲ့က လက်မှတ် ရေးထိုးပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သည့် ဩဂုတ် ၁၇ ရက်နေ့စွဲပါ အိတ်ဖွင့်ပေးစာသည်လည်း လူမှုကွန်ရက်စာမျက်နှာတွင် နေရာယူလျက်ရှိသည်။ ပြည်သူလူထု၏ ခံစားချက်၊ ဆန္ဒသဘောထား၊ တောင်းဆိုချက်တို့ လွှမ်းခြုံသည့် အိတ်ဖွင့်ပေးစာများသည် တိုင်းပြည်ခေါင်းဆောင်များနှင့် ပြည်သူလူထုအကြား ဆက်သွယ်ပေါင်းကူးပေးမည့် တံတားများဟုလည်း သတ်မှတ်နိုင်မည်ဖြစ်သည်။
နိုင်ငံရေးနှင့် လူမှုရေးအဖွဲ့ အစည်းများ၊ အရပ်ဘက်အဖွဲ့အ စည်းများသည် အောက်ခြေတိုင်း ရင်းသားပြည်သူလူထုအများစု၏ ဆန္ဒသဘောထားကို ကျယ်ကျယ် ပြန့်ပြန့် ထင်ဟပ်သည့်အားလျော် စွာ အိတ်ဖွင့်ပေးစာပါ အကြောင်း အရာများကို နှစ်နိုင်ငံခေါင်း ဆောင်များအနေဖြင့် အလေးထားနိုင်ရန် သော့ချက်ကျသည်။ နှစ် နိုင်ငံခေါင်းဆောင်များအနေဖြင့် မြန်မာ့လူမှုအဖွဲ့အစည်းရှိ ဆင်းရဲ မွဲတေမှုနွံနစ်နေဆဲ ကျောမွဲနိုင်ငံ သူ၊ နိုင်ငံသားများ၏ ဟစ်သံကို အလေးအနက်သုံးသပ်စဉ်းစား၊ ချဉ်းကပ်အဖြေရှာလာနိုင်မည်ဆို လျှင် တရုတ်-မြန်မာဆက်ဆံရေး သည် မဟာဗျူဟာပေါက်ဖော် ဆက်ဆံရေးအဆင့်ကို အားလုံး ပါဝင်လျက် တက်လှမ်းနိုင်မည် ဖြစ်သည့်အပြင် လာမည့်နှစ်များ အတောအတွင်း နှစ်နိုင်ငံအကြား ပြည်သူနှင့် ပြည်သူချင်းဆက်ဆံ ရေးသည်လည်း အားကောင်း မောင်းသန်လာမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ လူမှုရေးအဖွဲ့ အစည်းများအနေဖြင့် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းသွားရန် လိုလားထောက်ခံကြောင်း သဘောထားဖြင့် သမ္မတကြီး စီကျင်းပင်ထံ အိတ်ဖွင့်ပေးစာကို အစပြုခဲ့သည်။ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအစဉ်အလာကောင်းကို ရေရှည်တည်တံ့စေရေး ဆက်လက်ထိန်းသိမ်းရာတွင် ဧရာဝတီမြစ်ဆုံဆည်ကိစ္စသည် မလိုလားအပ်သော အဟန့်အတားဖြစ်လာနေသည်ကို စိုးရိမ် ပူပန်ကြောင်း၊ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ သူ၊ နိုင်ငံသားများအားလုံးနှင့် ထပ်ထူထပ်မျှ မိခင်ဧရာဝတီမဟာမြစ် ကြီးအပေါ် တစ်စုံတစ်ရာထိခိုက် နိုင်ခြေကို လက်မခံနိုင်ကြောင်း တရုတ်သမ္မတကြီးကို လေးစားစွာ အသိပေးခဲ့သည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အသက် သွေးကြောဖြစ်သည့် ဧရာဝတီ မဟာမြစ်ကြီးကို ထိခိုက်စေမည် ဆိုလျှင် နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အသက် အိုးအိမ် စည်းစိမ် ကို ထိခိုက်စေနိုင်သည့်သဘော အထိ တာသွားနိုင်သည်မှာလက်ငင်း စိုးရိမ်ရေမှတ်ပင်ဖြစ်ပါသည်။
ရှမ်းပြည် အရပ်ဘက်လူမှု အဖွဲ့များကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် သံလွင်ရေကာ တာစီမံကိန်းများကို အမြန်ဆုံးပြန် လည်ရုပ်သိမ်းပေးပါရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားတောင်းဆိုခဲ့သည်။ သံလွင် မြစ်သည် ရှမ်းပြည်နယ်သူ၊ ပြည် နယ်သားများအတွက်သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံး အတွက် အရေးကြီးသည့် မြစ်ကြီး တစ်စင်းဖြစ်သည်မှာ ငြင်းမရနိုင် သော အရှိတရားပင်ဖြစ်သည်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများသည် ဧရာဝတီမြစ်ကို မထိခိုက်စေလိုသည့်နည်းတူ သံလွင်မြစ်ပေါ် ရေကာတာဆောက်မည့် စီမံကိန်းများကိုလည်း လိုလားကြမည်မဟုတ်ပေ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ယုံကြည်မှုတည်ဆောက်ရေးစသည့် အုတ်မြစ်များ ပိုမိုခိုင်မာအား ကောင်းစေရေး ရှေးရှုလျက် သံလွင်ရေကာတာစီမံကိန်းများ အမြန်ဆုံးရပ်ဆိုင်းနိုင်ရေး နည်းလမ်းရှာဖွေလာနိုင်လိမ့်မည်ဟု ယုံ ကြည်မျှော်လင့်မိသည်။
တရုတ်-မြန်မာ ပေါက်ဖော် ချစ်ကြည်ရေး၏ အနာဂတ်သည် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနှင့် သာမက သံလွင်ရေကာတာစီမံ ကိန်းများနှင့်လည်း တိုက်ရိုက် ဆက်စပ်နေသည်။ ဧရာဝတီမြစ် ဆုံဆည်စီမံကိန်းများကို မဖြစ် မနေပြန်လည်စတင်မည်၊ သံလွင် ရေကာတာစီမံကိန်းများကို ရှေ့ တိုးဖော်ဆောင်လာမည်ဆိုလျှင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအ နေဖြင့် တရုတ်နိုင်ငံအစိုးရ၊ တရုတ်ကုမ္ပဏီများအပေါ် ဆတိုး မုန်းတီးလာနိုင်ခြေရှိပြီး ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးသည် စာ ရွက်ပေါ်တွင်သာ တည်မြဲနိုင်ကာ အစိုးရ-အစိုးရချင်းဆက်ဆံရေး သာ အားကောင်းမြဲအားကောင်း လျက် ပြည်သူ-ပြည်သူချင်းဆက် ဆံရေးသည် ဝေးကွာသည်ထက် ဝေးကွာလာမည်ဖြစ်သည်။ တိုင်း ရင်းသားပြည်သူလူထုအား ချောင်ပိတ်ရိုက်သည့် အသွင်ဆောင် သွားမည်ဆိုလျှင် နှစ်နိုင်ငံဆက်ဆံ ရေးသည် ရုပ်ပျက်ဆင်းပျက်အ ဆင့်အထိ လျော့ကျသွားနိုင်သည် ကို ခေါင်းဆောင်များအနေဖြင့် မျက်ခြည်မပြတ်သင့်ပေ။
ပြည်ထောင်စုသား တိုင်းရင်းသားအားလုံး၏ ဆန္ဒသဘောထား ကို ယနေ့တိုင်ရယူခြင်းမရှိသည့် အခင်းအကျင်းတွင် ဧရာဝတီမြစ် ဆုံဆည်စီမံကိန်းများ စတင်ခဲ့ သည့်အနေအထားနှင့်ပတ်သက် ၍ တရုတ်နိုင်ငံသမ္မတကြီးအနေ ဖြင့် အလေးအနက်ထား စဉ်းစား လိမ့်မည်ဟု ယုံကြည်ကြောင်း ရေးသားခဲ့သည်။ မြန်မာနိုင်ငံရှိ နိုင်ငံ ရေး၊ လူမှုရေးအဖွဲ့အစည်းများက တရုတ်နိုင်ငံအနေဖြင့် ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းကြီး ဆက် လုပ်ရေး၊ မလုပ်ရေးအဖြေသည် ပြည်ထောင်စုသားတိုင်းရင်းသား အားလုံး လက်ခံနိုင်သော အဖြေ ဖြစ်ရမည်ဟူသော အခြေခံကို ကိုင်စွဲလျက် ဖြေရှင်းဆောင်ရွက်သွား လိမ့်မည်ဟု ယုံကြည်မျှော်လင့် ကြောင်း တရုတ်သမ္မတကြီးအား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများက ဧရာဝတီမြစ် ဆုံဆည်စီမံကိန်းကြီးများကို ပြည် သူလူထုက လက်မခံနိုင်သဖြင့် အပြီးတိုင် ရပ်စဲစေလိုကြောင်း တရုတ်သမ္မတကြီးထံ တိုက်ရိုက်ပန်ကြားခဲ့ခြင်းလည်းဖြစ်သည်။ မြစ်ဆုံနည်းတူ သံလွင်ရေကာတာစီမံကိန်းများတွင်လည်း တိုင်းရင်းသားပြည်သူလူထု၏ သဘောထားကို ရှေ့တန်းတင်ရမည်ဖြစ်သည်။ ပြည်သူ့ဆန္ဒနှင့် သွေဖည်လျက်၊ ပြည်သူကို မျက်ကွယ်ပြုလျက်၊ ဖော်ဆောင်မည့် စီမံကိန်းကြီးများအား အကြောင်းပြုလျက် နိုင်ငံရေးအရ အရှုံးပေါ်နိုင်သည်ကို တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များအနေဖြင့် ကောင်းကောင်းကြီး သဘောပေါက်ပြီး ဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။
တရုတ်သမ္မတကြီးထံ အိတ် ဖွင့်ပေးစာ၏ နောက်ဆုံးအပိုဒ် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၌ ဆောင် ရွက်ဆဲ၊ ဆောင်ရွက်ရန် ရည်ရွယ် သည့် စီမံကိန်းကြီးများတွင်လည်း ပြည်သူလူထု၏ သဘောထားကို ထည့်သွင်းစဉ်းစားပေးပါရန်နှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနေ သော တရုတ်စီးပွားရေးလုပ်ငန်း များကိုလည်း ကျင့်ဝတ်နှင့်ညီ သော စီးပွားရေးလုပ်ငန်းများဖြစ် အောင် ကြပ်မတ်ဆောင်ရွက်ပေး ပါရန် တရုတ်သမ္မတကြီးအား အ လေးအနက်ပန်ကြားခဲ့သည်။ အိမ်နီးချင်းကိုရွေးချယ်၍ မရနိုင်သည့် အပြင် မဟာအင်အားကြီး နိုင်ငံ တစ်နိုင်ငံဖြစ်နေသည့်အလျောက် တရုတ်နိုင်ငံနှင့် အကျပ်အတည်း များကို အဖြေရှာရာတွင် တိမ် မယောင်နှင့် နက်၊ လွယ်မယောင် နှင့် ခက်နေမည်ဖြစ်သည်။ နှစ် နိုင်ငံဆက်ဆံရေးတွင် ပေါက်ဖော် ချစ်ကြည်ရေးထက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော၊ သူလည်းနိုင် ကိုယ်လည်းနိုင်သော၊ တန်းတူရည်တူဖြစ်သော ဆက်ဆံရေးပုံစံသစ်ကို စဉ်းစားဖော်ဆောင်နိုင်မှသာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးစစ်စစ်သည် အဓွန့်ရှည်တည်တံ့နိုင်မည်ဖြစ်သည်။
အနာဂတ် မြန်မာ့စီးပွားရေး စင်္ကြံလမ်းတွင် တရုတ်နိုင်ငံအပါ အဝင် မည်သည့်နိုင်ငံကဖြစ်စေ ကျင့်ဝတ်နှင့်မလျော်ညီသော၊ တာဝန်ခံမှုနှင့် တာဝန်ယူမှုကင်းမဲ့ သော၊ စည်းလွတ်ဝါးလွတ်နိုင် သော ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်း ကြီးများကို အရေးယူရပ်ဆိုင်းနိုင် ရမည်ဆိုသည့် သတ်မှတ်ချက်ကို သဘောတူညီချက်များ၊ စာချုပ် များတွင် မဖြစ်မနေထည့်သွင်းရန် ဦးစားပေးရတော့မည်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ စီမံ ကိန်းကြီးများကို ချဉ်းကပ်စဉ်းစား ရာတွင် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံ သား၊ ငါ့ပြည်သူသာ ပထမဆို သည့်မူကို တင်းတင်းကျပ်ကျပ် ကိုင်စွဲနိုင်ရေး ပြင်ဆင်တည့်မတ် ရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် တရုတ်သမ္မတကြီး စီကျင်းပင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အနေ ဖြင့် အိတ်ဖွင့်ပေးစာများအပါအ ဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ၏ အသံ၊ ဆန္ဒသဘောထားတို့ကို မြင့်မြင့်မားမား အလေးအနက် ထားလျက် တရုတ်-မြန်မာမဟာ ဗျူဟာ ပေါက်ဖော်ဆက်ဆံမှု အားကောင်းမောင်းသန်ရေးကို ရှေးရှု ကာ မြစ်ဆုံရေကာတာစီမံကိန်း များ၊ သံလွင်ရေကာတာစီမံကိန်း များအပါအဝင် တရုတ်ကုမ္ပဏီ ကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများအား ပြည်သူလူထု၏ သဘောထား၊ တာဝန်ခံမှုနှင့် တာဝန်ယူမှု၊ ကျင့် ဝတ်တို့နှင့် လျော်ကန်သည့် စီမံ ကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများအ ဖြစ် ဖော်ဆောင်နိုင်ရေး မျက် မှောက်ပြုသင့်ပါကြောင်းနှင့် နှစ် နိုင်ငံဆက်ဆံရေးကို ပြည်သူ- ပြည်သူချင်းဆက်ဆံရေးအပေါ် အခြေပြုသည့် မဟာဗျူဟာ ပေါက်ဖော်ဆက်ဆံရေးအဖြစ် တည်ဆောက်သင့်ပါကြောင်း မီး မောင်းထိုးတိုက် တွန်းဆော်ဩ လိုက်ရပါသည်။

No comments:
Post a Comment