Friday, August 19, 2016

တောင်ပြုံးပွဲက နှစ်ကိုယ်ခွဲ ဘ၀ပိုင်ရှင်

ကဆုန်နယုန်ကျော်ပြီဆို တာနဲ့  မတ္တရာမြို့နယ် ရှမ်းမြောင်းရွာ က ကိုလတ်တစ်ယောက်တောင် ဘက်နားဆီ လှမ်းမျှော်လို့ နားစွင့် နေခဲ့ပါတယ်။ နတ်သံချို ရွှေစကားတွေနဲ့အတူ ဆိုင်းသံဗုံသံခပ်မြူး မြူးနဲ့ ရောက်ရှိလာတော့မယ့် တောင်ပြုံးရွှေပွဲတော်ကြီးရယ်ကို ပါ။ တောင်ပြုံးတဲ့။ တောင်ပြုံးဆို တဲ့အသံကြားလိုက်ရတာနဲ့တင် ကိုလတ်အသွေးထဲ အသားထဲ အို...ရိုးတွင်းခြင်ဆီထဲအထိ လှိုက် လှဲစွာ မြူးကြွလို့လာခဲ့ရတယ်။ သြော်..တောင်ပြုံးတဲ့လား။
တောင်ပြုံးပွဲတော်ကာလ ရောက်ပြီဆိုတာနဲ့ ကိုလတ်တစ် ယောက် လုပ်လက်စခြံ၊လယ်အ လုပ်တွေပစ်ချပြီး ပွဲတော်ကြီးဆီ အရောက်သွားဖို့ ပြင်ဖြစ်ဆင်ဖြစ်တယ်။ ကိုလတ်တို့ရွာကနေ တောင်ပြုံးပွဲတော်ကြီးဆီ    ငှက်ပျောသီးသွားရောင်းကြမယ့်   ဒေါ်ဝင်းကြည်ငှက်ပျောဆိုင်နဲ့ အတူ လိုက်ကူရောင်းဖို့အတွက်ပါ။ ဒေါ်ဝင်းကြည် ငှက်ပျောဆိုင်က ကိုလတ်တို့ မမွေးခင်ကတည်းက တောင်ပြုံးပွဲတော်ကြီးမှာ ငှက်ပျောသီး ရောင်းခဲ့ကြတာပါ။ အခုတော့ ဆိုင်ရှင်အဘွား ဒေါ်ဝင်းကြည်မရှိတော့ပေမယ့် သူ့မြေးတွေ အမွေဆက်ခံပြီး တောင်ပြုံးပွဲတော်ကြီးမှာ ငှက်ပျောဆိုင် ဆက်ဖွင့်ကြတယ်။
တောင်ပြုံးဘုရားရဲ့ အနောက်ဘက်နား မှာ ငှက်ပျောတန်းရှိပါတယ်။ ပွဲတော်လာသူတွေက ငှက်ပျောတန်းမှာ အုန်းပွဲငှက်ပျောပွဲ ၀ယ်ပြီးဆက်ကြတယ်။ တောင်ပြုံးရဲ့ အဓိကမင်းကြီးမင်းလေးညီနောင်ကိုလည်း ဆက်တယ်။ အမေပုပ္ပားလည်းဆက်တယ်။ ကိုကြီးကျော်နဲ့ မန္တလေးဘိုးဘိုးကြီးလည်း မကျန်စေရပါဘူး။ သူ့အဓိဋ္ဌာန်နဲ့ သူဆိုင်ရာပိုင်ရာ (၃၇) မင်းကို လှည့်ဆက်ကြတယ်။
အဲသလို ဆက်ကြတဲ့အခါ တတ်နိုင်သူတွေကတော့ နီညို ရောင်အဆင်းနဲ့ ရွှေနီဆိုတဲ့ ငှက် ပျောနဲ့ ဆက်ကြတယ်။ ‘‘တပည့် တော်ကို ဘာဖြစ်အောင်၊ ညာဖြစ် အောင် မ,ပေးပါ။ အဆင်ပြေ အောင်မြင်ခဲ့ရင် ရွှေနီနဲ့ ပွဲတက်ပါ့ မယ်’’လို့ ကတိခံခဲ့ကြတဲ့သူတွေက ဈေးကြီးပေမယ့် ရွှေနီကို ကိုင်ရပါ တယ်။ ရွှေနီငှက်ပျောက ရှားတာ မို့ ဈေးကလည်း ခေါင်ခိုက်တယ်။ သုံးဖီးပါ တစ်ပွဲအတွက် နှစ်သောင်းကျော်အထိ တန်ကြေးရှိတယ်။ ဈေးကြီးလှပေမယ့် ကိုယ်တောင်းထားတဲ့ဆုထက်စာရင် ပမွှားမို့ ရွှေနီနဲ့ တောင်းရင် ရွှေနီပါကိုပါရတယ်။ ရွှေနီမတတ်နိုင်သူတွေကတော့ ရွှေနီက မျိုးဖောက်ထားတဲ့ ရွှေစိမ်းဆိုတာလည်း ရှိတယ်။ ဈေးသိပ်မများတဲ့ ရခိုင်၊ စားကျင်း၊ နံ့သာဖူးဆိုတဲ့ ငှက်ပျောတွေနဲ့လည်း သုံးကြတယ်။ အသုံးအများဆုံးက တော့ နာမည်ကျော်ဖီးကြမ်းပါပဲ။ ပွဲစုံမှာ ဖွံ့ဖွံ့ထွားထွားဖီးကြမ်းက သာ နေရာအယူဆုံးပါ။ ဒီနှစ်တော့ ငှက်ပျောသီးက ဈေးကောင်းလှ တယ်။ ပြီးခဲ့တဲ့နွေမှာ ငှက်ပျော ထွက်တဲ့ ကျောက်ဆည်ဘက် မိုး သီးတွေမှန်တာကြောင့် ငှက်ပျော ခြံတွေပျက်တယ်။ ဒါကြောင့် ငှက် ပျောနည်းနည်းရှားပြီး ဈေးခေါင်ခိုက်နေတာပါ။
ငှက်ပျောဈေးဘယ်လောက် တက်တက် ကိုယ့်အဓိဋ္ဌာန်နဲ့ ကိုယ်မို့ ကန်တော့ပွဲက ပေးကိုပေးရ တယ်။ ဒါကြောင့် ကိုလတ်တို့လို ငှက်ပျောသည်တွေက ဈေးလာ ၀ယ်သူတွေကြိုက်တဲ့ ငှက်ပျောနဲ့ စီစဉ်ပေးရတယ်။ အထွတ်အမြတ် ထားတဲ့ ကန်တော့ပွဲမို့ အတိမ်း အစောင်းတော့ မခံကြဘူး။ အနာ လေးဘာလေးပါရင် မကြိုက်ဘူး။ ၀င်းလဲ့ကာ စိုတောက်နေမှ သဘောကျတယ်။ နောက်ပြီး ငှက်ပျော တစ်ဖီး ဆယ်လုံးအောက်ဆိုမယူ ကြဘူး။ အနည်းဆုံး ဆယ်လုံးပြည့်မှ ယူကြတယ်။ ဒါကြောင့် ကိုလတ်တို့လို ငှက်ပျောဆိုင်တွေ ငှက်ပျောကို ရွှေလိုဥကာ စောင့်ရှောက်ကြ တယ်။ ဒါတောင် ကားပေါ်အတင် အချနဲ့ အလုံးပြုတ်သွားရင် ထိုတစ်ဖီးကန်တော့ပွဲပေါ်ရောက်ဖို့ မ လွယ်တော့ဘူး။ စားဖို့ ကြော်ဖို့ လာဝယ်ကြမယ့်သူတွေကို ဈေး လျှော့ပြီးသာ ရောင်းရတော့တယ်။လာဝယ်တဲ့သူတွေ စိတ် ကြိုက်ငှက်ပျောရွေးပြီးတော့မှ အုန်းနဲ့တွဲကာ ကန်တော့ပွဲစီစဉ် ပေးတယ်။ ကိုလတ်တို့က အဲဒီကန်တော့ပွဲတွေကို သက်ဆိုင်ရာနန်း ကြီးတွေဆီ ၀ယ်သူတွေနဲ့အတူ လိုက်ပို့ရတယ်။ ကန်တော့ပွဲများ ရင်တော့ တောင်းအကြီးကြီးတွေ နဲ့ အုန်းပျောတွေ စုထည့်သယ်ပြီး  နန်းရောက်မှ တောင်းအသေးတွေ နဲ့ ကန်တော့ပွဲစီစဉ်ပေးတယ်။ တောင်ပြုံးပွဲတော်ကြီးက စည် ကားလွန်းတာမို့ လူတွေကြားထဲ ကန်တော့ပွဲတောင်းကြီးထမ်းပိုး ပြီး သွားရတာ မလွယ်လှပါဘူး။ ဈေးဝယ်နဲ့ကွဲမသွားအောင်လည်း မျက်စိက လိုက်ကြည့်နေရတယ်။ ဒါတောင် တစ်ခါတလေ လူချင်း ကွဲပြီး နန်းရောက်တော့မှ ဈေးဝယ်က ငှက်ပျောသီးသည်ကိုရှာ ငှက် ပျောသီးသည်က ဈေးဝယ်ကိုရှာနဲ့ ဆိုင်းသံဗုံသံတွေကြားထဲ ခေါင်း ကို မူးကြရောပဲ။
နောက်ပြီး တောင်ပြုံးပွဲတော် က အရပ်စုံက လူစုံလာကြတဲ့ပွဲမို့ နာမည်ကျော်လှတဲ့ ခါးပိုက်နှိုက် ရန်ကိုလည်း သတိထားရတယ်။ ကိုလတ်တို့လို ငှက်ပျောပွဲထမ်းတဲ့ သူတွေအဖို့ နှိုက်စရာဘာမှမရှိပေ မယ့် ကိုယ့်ဖောက်သည့် အနှိုက် မခံရဖို့ကိုလည်း ကိုလတ်တို့က သတိပေးရတယ်။
ပိုက်ဆံအိတ်နဲ့ အဖိုးကြီးတာတွေ ရှေ့မှာ ပိုက် ထားဖို့ တွင်တွင်မှာရတယ်။ အဲသ လို မှာနေရင်းကြားထဲကကို ခါး ပိုက်အနှိုက်ခံရသူတွေလည်း ရှိ တယ်။
အဲသလို ကန်တော့ပွဲလိုက်ပို့ ရင်း တချို့က ရွှေလမ်းငွေလမ်း တွေခင်းဖို့ ပိုက်ဆံတွေဘာတွေကြဲ ပြီဆို ကိုလတ်တစ်ယောက်ထမ်း လာတဲ့ ကန်တော့ပွဲကြီးဘေးချပြီး ပိုက်ဆံပြေးလုတော့တာပဲ။ တောင်ပြုံးမှာ ပိုက်ဆံကြဲတာလုရတာ ကိုလတ်သိပ်ပျော်တာပါ။ အမှန် တော့ ကိုလတ်တို့က ငှက်ပျောဆိုင် နဲ့ လိုက်ပြီး ဈေးကူရောင်းရတာ အဖိုးအခမက်လောက်အောင် မရ ပါဘူး။ သူတို့ရတာက ကန်တော့ပွဲတွေကို နန်းဆီလိုက်ပို့တဲ့အခါ ကန် တော့ပွဲရှင်က ပေးမယ့် မုန့်ဖိုးငါး ရာ၊ တစ်ထောင်လောက်ကိုပါ။ တ ချို့ကတော့ ကိုလတ်တို့လို ကန် တော့ပွဲထမ်းပိုးပို့ပေးတဲ့သူတွေကို ငါးရာ၊ တစ်ထောင်ပေးရမှာ မတွန့် တိုပါဘူး။ ရွှေလမ်းငွေလမ်းခင်းတဲ့ ပွဲမို့ ငါးရာတန်တစ်ရွက်ထွက်လာ ဖို့ မခဲယဉ်းလှပါဘူး။ ဒါပေမဲ့ လူ တိုင်းတော့ မဟုတ်ပါဘူး။ တချို့ တလေကျတော့လည်း ဒါဆိုင်ကပေးရမယ့် ဆားဗစ်ပဲဆိုပြီး တစ် ပြားမှမပေးတာလည်း ကိုလတ်တို့ ကြုံခဲ့ဖူးတယ်။ ဒါကြောင့် ပိုက်ဆံ ကြဲပြီဆိုတာနဲ့ ကန်တော့ပွဲခဏ ထားပြီး ချွေးသံတရွှဲရွှဲနဲ့ ပြေးလု တော့တာပဲ။
ကန်တော့ပွဲလိုက်ပို့ရင်း ကိုရွှေမိုးက တစ်ခါတလေ သဲကြီးမဲကြီးရွာချတာမျိုးနဲ့ ကြုံရသေးတယ်။ ဒါကြောင့် ကိုလတ်တို့တတွေ ပွဲတော်အတွင်း ဖိနပ်ကိုမစီးကြတော့ဘူး။ ပွဲတော်လာသူတွေကတော့ သူတို့လာတုန်း မိုးရွာ ရင်လည်း ပျော်ကြတာပဲ။ ကိုယ့် အပူတွေနဲ့ ကိုယ် နတ်ပွဲကို လာကြရတာမို့ ပွဲတော်လာတုန်း မိုးရွာ တော့ တို့ဘ၀ အေးမြတော့မယ် နိမိတ်ပဲဆိုပြီး ယူဆကြတယ်။ ကိုလတ်တို့ကတော့ ထမ်းလာတဲ့ ငှက်ပျောတောင်းကြီးနဲ့ မိုးရွာထဲ ချော်မလဲဖို့ ဂရုစိုက်ကြရတယ်။
နန်းဆီရောက်ပြီဆိုရင်တော့ ကန်တော့ပွဲပြင်ပြီး ပွဲရှင်ကိုပေးပါ တယ်။ ဒါပေမဲ့ ကိုလတ်တို့ဆိုင်ကို ပြန်လို့မရသေးပါဘူး။ ကန်တော့ ပွဲမှာသုံးထားတဲ့ တောင်းလေးပြန် ယူရဦးမှာမို့လို့ပါ။ ကန်တော့ပွဲ တောင်းလေးကလည်း ခုနစ်ရာ၊ ရှစ်ရာတန်သမို့ ထားခဲ့လို့မရပါ ဘူး။ ဒါကြောင့် ပွဲရှင်တွေ နတ်ဆီ မှာ နားပူနားဆာတိုက်တာ သည်း ညည်းခံထိုင်စောင့်ရင်း ကန်တော့ပွဲတောင်းလေးကို ယူကြရတယ်။ ကန်တော့ပွဲတောင်းလေးပြန်ရဖို့ အရေး မျက်စိရှင်ရှင်ထားကြည့် ပေမယ့် လူရော တောင်းပါ မျက် စိအောက်ပျောက်သွားတာတွေ လည်း ကြုံခဲ့ရဖူးတယ်။
ကိုလတ်တို့လို ငှက်ပျောဆိုင် တွေက ၂၄ နာရီမပိတ်ပါဘူး။ တချို့က နေ့ခင်းလူများလို့ ည ရောက်မှ လာဆက်ကြတဲ့သူတွေ လည်း ရှိတယ်။ ထမင်းလေးစား မယ်ကြံပြီး ထမင်းခူးဟင်းထည့် ဇလုံထဲလက်နှိုက်ပြီးခါမှ ကန်တော့ပွဲလိုက်ပို့ဆိုရင်လည်း မညည်းမညူးထပို့ရတာပဲ။ ဒါကြောင့် ကိုလတ်တို့တစ်တွေ နေ့ရော ညပါမအားကြပါဘူး။ အလှည့်ကျအိပ် ရင်း ဆိုင်ကိုဖွင့်ကြတယ်။ အိပ်တဲ့ အခါကျရင်လည်း ကိုယ့်အိမ်မှာ လိုသက်သောင့်သက်သာအိပ်ကြ ရတာမဟုတ်ဘူး။ ဆိုင်ခန်းကျဉ်း ကျဉ်းလေးထဲမှာက အိပ်ဖို့မပြောနဲ့ခြေချဖို့တောင် လွယ်တာမဟုတ်။ တစ်ဆိုင်လုံးငှက်ပျောခိုင်တွေအ ပြည့်ဆိုတော့ တစ်ခါတလေ အုန်းသီးပုံကြီးပေါ် ထိုးအိပ်ချင် အိပ်ရရဲ့။
ဒီလောက်ဒုက္ခများပေမယ့် တောင်ပြုံးပွဲတော်ကြီးကို လာဖို့ ကိုလတ်တစ်ယောက် ဘယ်တော့ မှ စိတ်မပျက်ပါဘူး။ နှစ်စဉ် တောင်ပြုံးပွဲအခါရောက်ပြီဆိုရင် ငှက် ပျောဆိုင်နဲ့လိုက်ပြီး ကန်တော့ပွဲ သယ်တဲ့အလုပ်လိုက်လုပ်ခဲ့တာ အခုဆို ဆယ်စုနှစ်တစ်စုလောက် တော့ ရှိခဲ့ပါပြီ။ တောင်ပြုံးအချိန် အခါရောက်ပြီဆို ကိုလတ်တစ် ယောက်ရွှင်လို့ မြူးလို့ လန်းလို့ ဆန်းလို့ ဘာ့ကြောင့်များပါလိမ့်။
ကိုလတ်ကို ရိုက်မစစ်ဘဲ ပွင့် လင်းစွာ ပြောချဖို့ ၀န်မလေးတဲ့ စကားက ကိုလတ်ဟာ မိန်းမလျာ တစ်ယောက်ရယ်ပါ။ အသက် (၂၆) နှစ်သာရှိသေးတဲ့ ကိုလတ် က နေ့ခင်းမှာတော့ဖြင့် ငှက်ပျော တွေ တစ်တောင်းပြီးတစ်တောင်း ထမ်း နတ်နန်းနဲ့ ငှက်ပျောဆိုင်ကူး ချည်သန်းချည်လှမ်းနေတဲ့ သူလို ငါလို သာမန်ယောက်ျားတစ် ယောက်ပါ။ အဲ...နေ၀င်လို့ မိုးချုပ် ငှက်ပျောထမ်းရတဲ့အလုပ် ပါး သွားပြီဆိုရင်ဖြင့် ကိုလတ်ဟာ နေ့ ခင်းနဲ့မတူတဲ့ ဒီဇိုင်းတစ်မျိုးနဲ့ ပွဲ တော်ကြီးမှာ လန်းသလို့ ပျော် တော့တာပါ။ ရွာကနေ ထည့်လာ တဲ့ အမျိုးသမီးအ၀တ်အစားထုပ် နဲ့ ဆံပင်တုတစ်ခုက ကိုလတ်ရဲ့ ပွဲတော်ညအဆင်တန်ဆာပါ။
ငှက်ပျောထမ်းလို့ရလာတဲ့ မုန့်ဖိုးလေးတွေ၊ ပိုက်ဆံကြဲတာလု လို့ရလာတဲ့ ငွေသားလေးတွေကို အတန်အသင့်အိမ်အတွက် ဖယ် ပြီးရင် ကိုလတ်တစ်ယောက် ပွဲ ဈေးက နာမည်ကျော်တံဆိပ်ကပ် အစစ်လား၊ အတုလားမသိရတဲ့ ဈေးပေါတဲ့ မိတ်ကပ်ဘူးလေးတွေ လည်း ၀ယ်လိုက ၀ယ်ပါတယ်။ မြို့ပေါ်မှာ ဒီဇိုင်းနွမ်းလို့ ကျေး လက်နေတောလုံမေတွေအတွက် ရည်မှန်းကာ လာရောင်းတဲ့ ထောင့်ငါးရာ၊ နှစ်ထောင်တန် မိန်းမအင်္ကျီ ဆန်းလေးတွေကိုလည်း ကိုလတ် သွားငေးလို ငေးပါတယ်။ ထိုအ ဆင်တန်ဆာလေးတွေနဲ့ ကိုလတ် တစ်ယောက် မိန်းမသားဘ၀ ခေတ္တရောက်ရတယ်။ ကိုလတ်ကို နေ့ခင်းမှာ တွေ့ဖူးသူတွေ ညဘက်များဆုံရင်တော့ ဘယ်နည်းနဲ့မှ မှတ်မိမှာမဟုတ်။ နေ့ခင်းက ငှက် ပျောထမ်းတဲ့ ကျေးတောသား လေး ကိုလတ်မဟုတ်တော့။ တောင်ပြုံးပွဲတော်လမ်းတွေပေါ် နေ့ခင်းမှာ ဖိနပ်မပါခြေဗလာနဲ့ တ၀ုန်းဝုန်းသွားခဲ့တဲ့ကိုလတ်၊ ည ဘက်မှာတော့ ဒေါက်ဖိနပ်သံတ ဒေါက်ဒေါက်နဲ့ ဆင်မယဉ်သာ ကတ်ဝေါ့လျှောက်လို့ လာခဲ့ပြီ။ ပခုံးပေါ်မှာတစ်နေကုန်နေရာယူ ခဲ့တဲ့ လေးလံတဲ့ ငှက်ပျောတောင်း ကြီးနေရာမှာ ခပ်ပေါ့ပေါ့ စလင်း ဘတ်အိတ်ကလေးက အစားထိုး လို့ယူခဲ့ပြီ။
ရွာမှာဆို ပေါက်ပြားကိုင် ဇွတ်ကျားနေရတဲ့ဘ၀မို့ တစ်နှစ် မှ တစ်ခါလေး ကိုယ်စိတ်ကူးယဉ်တဲ့ မိန်းမသားဘ၀ကို တောင်ပြုံး ပွဲတော်ညတွေမှာ ကိုလတ်တစ် ယောက် ကူးပြောင်းနေထိုင်ခွင့်ရ တယ်။ ဘ၀တူမိန်းမလျာတွေနဲ့ လက်ဝါးချင်းဖြောင်းဆိုရိုက် ဘ၀ အမောတွေကို ဦးတိုက်ကာ ရင်ဖွင့်ကြတယ်။ နေ့ခင်းက ငှက်ပျော ထမ်းရင်း မ၀ံ့မရဲခိုးငေးခဲ့ရတဲ့ ပွဲ တော်လာ ကောင်ကလေးတွေကို ညဘက်မှာတော့ဖြင့် မျက်လုံးချင်းဆုံအောင် ရဲရဲကြည့်ပြီး မျက်စိအ စာကျွေးကြရတယ်။ တဒင်္ဂသာ ယာမှုအသွေးအသားစိတ်ဆန္ဒ တွေထက် ကိုယ်စိတ်ကူးယဉ်တဲ့ မိန်းမပုံလေးနဲ့ ခေတ္တနေခွင့်ရတာ ကိုလတ်ကျေနပ်ပါတယ်။ သာမန် သူနားလည်ဖို့ မလွယ်လှတဲ့ ဘ၀ အမောတွေကို မိန်းမလျာချင်းရင် ဖွင့်ရတာ ကိုလတ်အတွက် စိတ် ပေါ့ပါးစေပါတယ်။ ဒါကြောင့် ကိုလတ်တောင်ပြုံးပွဲတော်ကြီးကို လာရတာ နေ့ခင်းမှာမောပေမယ့် ညဘက်မှာ ပျော်ရပါတယ်။
အခုတော့ ကိုလတ်ပျော်ခဲ့တဲ့ တောင်ပြုံးပွဲတော်ကြီးက ဒီတစ် နှစ်တော့ ပြီးဆုံးလို့ သွားခဲ့ပြန်ပါ ပြီ။ ရက်သတ္တနှစ်ပတ်ကျော်ကျော် စည်ကားခဲ့တဲ့ တောင်ပြုံးပွဲမှာ စရိုက်နှစ်မျိုးနဲ့ ကိုလတ်လျှောက်လှမ်းခဲ့တဲ့ တောင်ပြုံးကျေးရွာလမ်းလေးတွေမှာ အခုတော့ အမှိုက်တွေဗရပွနဲ့ လူသွားလူလာကျဲပါးစွာ ကျန်ရစ်ခဲ့တယ်။ နတ်ကတော်တွေကလည်း အိမ်ပြန်ဖို့နဲ့ ရတနာ့ဂူကူးဖို့ နတ်ရုပ်တွေ သိမ်းဆည်းနေကြတယ်။ ကိုလတ်တို့လည်း ကျန်ခဲ့တဲ့ အနာအဆာပါတဲ့ ငှက်ပျောတွေ ပြန်သယ်ဖို့ ပြင်နေတယ်။ ရွာပြန်ရောက်ရင်တော့ ကိုလတ်တစ် ယောက် ပုံမှန်အတိုင်း လယ်အ လုပ်၊ ခြံအလုပ်တွေ ပြန်လုပ်မှာပါ။ အဲသလို လုပ်ကိုင်နေရင်း ကျေး တောသားလေး ကိုလတ်တစ် ယောက် အပျော်ကြီးပျော်ခဲ့ရတဲ့ တောင်ပြုံးပွဲတော်ရက်တွေကို သတိရမိဦးမှာပါ။ တောင်ဘက် နားဆီက မင်းနှစ်ပါးနန်းဆီ မှန်း မျှော်ကြည့်ရင်း ပွဲတော်ရက်ပြန် ရောက်ဖို့ လက်ချိုးရေတွက်ကာ စောင့်မျှော်နေမိဦးမှာ အသေအ ချာပါ။

No comments: