အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုက အိန္ဒိယ လူ့အဖွဲ့အစည်း၏ လူသားချင်း စာနာမှု ခံယူချက်များအပေါ် အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
ရဲတပ်ဖွဲ့၏ အဆိုအရ လူတစ်ဦးသည် ကားတိုက်ခံရပြီးနောက် လူစည်ကားသည့် လမ်းမပေါ်တွင် မည်သည့်အကူအညီမျှ မရဘဲ တစ်နာရီခွဲမျှ ပစ်ထားခံရသဖြင့် သေဆုံးသွားခဲ့သည့်အပြင် ၎င်း၏ ကိုယ်ပိုင်ပစ္စည်းများကိုပင် လုယက်ယူငင်မှုနှင့် ကြုံခဲ့ရကြောင်း သိရသည်။
လုံခြုံရေးကင်မရာမှ ရိုက်ကူးထားသည့် ဗီဒီယို မှတ်တမ်းသည် အင်တာနက်ပေါ် ပျံ့နှံ့လာရာ အပြင်းအထန် ဝေဖန်ဆွေးနွေးမှုများ ထွက်ပေါ်လာသည်။ ဗီဒီယိုထဲ၌ လူတစ်ဦးကို ထရပ်ကား အသေးစား တစ်စီးက ဝင်တိုက်ရာ ၎င်းသည် လမ်းဘေးတွင် လဲကျနေခဲ့သည်။ ကားမောင်းသူသည် ကားကိုရပ်ကာ လဲကျနေသူကို အသေအချာ သွားရောက် ကြည့်ရှုခဲ့ပြီးနောက် မည်သည့် အကူအညီမျှ မပေးဘဲ မောင်းထွက်သွားသည်။
ထို့နောက် တစ်နာရီမျှ ကြာသည်အထိ ထိုသူ၏ နံဘေးမှ ကားများ၊ လူများ ဖြတ်သန်းသွားလာနေသော်လည်း သွေးအိုင်ထဲ လဲနေသူကို မျက်ကွယ်ပြုထားကြသည်။ သို့သော် လန်ချားနှင့် လူတစ်ဦးကမူ ၎င်းထံ ချဉ်းကပ်ကာ မိုဘိုင်းဖုန်းကို ယူငင်သွားကြောင်း တွေ့ရသည်။
ထိုဗီဒီယို မှတ်တမ်းကို အိန္ဒိယ ရုပ်မြင်သံကြား ဌာနများကလည်း ထုတ်လွှင့် ပြသခဲ့ပြီး ခေတ်သစ် အိန္ဒိယ လူ့အဖွဲ့အစည်း၏ ခံယူချက်ပိုင်းအပေါ် မေးခွန်းထုတ်ခဲ့သည်။ ဗီဒီယို မှတ်တမ်းအရ အကူအညီများ ရောက်လာပြီး ဆေးရုံတင်ပို့ချိန်အထိ ထိုသူသည် လမ်းပေါ်တွင် သွေးအလူးလူးဖြင့် မိနစ် ၉၀ မျှ လဲကျနေခဲ့ကြောင်း တွေ့ရသည်။
အိန္ဒိယ မီဒီယာများက သေဆုံးသူ၏ အမည်မှာ မာတီဘူးလ်ဖြစ်ပြီး နံနက်ပိုင်းတွင် လန်ချားဆွဲကာ အသက်မွေးကြောင်း၊ ညဘက်တွင် လုံခြုံရေး အစောင့်အဖြစ် အလုပ်လုပ်ပြီး နေအိမ်သို့ ပြန်အလာတွင် ကားတိုက်ခံရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရဲတပ်ဖွဲ့သည် မာတီဘူးလ်ကို ဝင်တိုက်ပြီး ထွက်ခွာသွားသည့် ယာဉ်မောင်းကို ရှာဖွေ ဖော်ထုတ်နိုင်ရန် ကြိုးစားနေသည်။
ရဲတပ်ဖွဲ့ဝင် တစ်ဦးက လမ်းသွားလမ်းလာ အများစုက ကားတိုက်ခံထားရသူကို အရက်မူးပြီး လဲနေသည်ဟု ထင်မှတ်ခဲ့ဟန်ရှိကြောင်း မှတ်ချက်ပေးခဲ့သည့်တိုင် အိန္ဒိယ လူမှုကွန်ရက် မီဒီယာများတွင် ယခုဖြစ်ရပ်သည် လူ့အသိုက်အဝန်း၏ အခြေခံ ကျင့်ဝတ်ပိုင်း အားနည်းလွန်းသည့် ရှက်စရာ အခြေအနေ တစ်ရပ်အဖြစ် ဝေဖန် ရေးသားနေကြောင်း သိရသည်။
No comments:
Post a Comment