Wednesday, August 17, 2016

မူးယစ်ဆေးဝါး ပြဿနာနှင့် တရားဥပဒေ စိုးမိုးရေး

တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ အဂတိလိုက်စားခြင်းကဲ့သို့ အကျင့်ပျက် ခြစားမှုများက မူးယစ်ဆေးဝါး ပြဿနာ အပါအ၀င် မှုခင်းဖြစ်စဉ်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအထိ ဖြစ်ပွားစေနိုင်သည့် သာဓကများ ရှိနေပြီဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ကျင်းပဆဲ လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးမှု၊ သုံးသပ်မှု၊ တိုက်တွန်းမှုများ ပြုလုပ်နေပြီး သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များကလည်း အချိန်မီ ပြုပြင်နိုင်ရန် ထောက်ပြ ဝေဖန်နေကြပြီဖြစ်သည်။ အစိုးရသစ် လက်ထက်တွင် တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးအတွက် စီမံချက်များ ချမှတ်ကာ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ဆောင်မှုများလည်း ရှိနေပြီဖြစ်သည်။ သို့သော် မူးယစ်ဆေးဝါးပြဿနာ နှင့် မင်းမဲ့စရိုက်ဆန်သော မှုခင်းဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည့် အတွက် လူထုအကြား စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။

“တရားဥပဒေ စိုးမိုးရေးကို အာရုံစိုက်မှု အားနည်းသည့်အခါ လူတစ်စု၊ တစ်ဖွဲ့အတွက် ဥပဒေမဲ့ လုပ်ရပ်များကို အလွယ်တကူ လုပ်နိုင်ရန် အခွင့်အလမ်း ပေးသလိုဖြစ်နေကြောင်း၊ ပြည်သူအား မျက်နှာမူသည့် အစိုးရသစ် အနေဖြင့် ပြည်သူလူထု လိုလားတောင့်တသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံကို အကောင်အထည်ဖော် တည်ဆောက်ရာတွင် အဓိကကျသည့် တရားဥပဒေ စိုးမိုးရေးအပေါ် အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း”၊ “အစိုးရအဆက်ဆက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို နှိမ်နင်းခဲ့သော်လည်း အမြစ်ပြတ် မရှင်းနိုင်သေးသည့် နာတာရှည် ရောဂါသည်ကြီးလို ဖြစ်နေခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာကို များစွာထိခိုက်စေကြောင်း၊ ခိုင်မာသည့် ဈေးကွက်ကြီး တစ်ခုကဲ့သို့ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားနေခြင်းသည် တရားဥပဒေ စိုးမိုးရေး အားနည်းနေခြင်းကလွဲရင် အခြားဘာအကြောင်းမျှ မရှိကြောင်း”၊ “တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ လုံခြုံရေး တာဝန်ရှိသူများ အကျင့်ပျက် ခြစားခြင်းတို့ကြောင့် အမှုအခင်းများ တိုးပွားလာကာ လူငယ်များ အမှားကွင်းဆက် သံသရာမှာ လည်နေတာကို တွေ့ရပါတယ်။ ယင်းပြဿနာများကို စနစ်တကျ လေ့လာပြီး ဖြေရှင်းနိုင်မယ့် ရေတိုရေရှည် နည်းလမ်းများကို ရှာကြံရမှာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှုရှိစေရန် လုံခြုံရေး တိုးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးများကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ပိုက်စိပ်တိုက် နှိမ်နင်းခြင်းဖြင့် ဒုစရိုက်မှုများကို ဖြေရှင်းရမှာဖြစ်ကြောင်း” စသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများ ကဲ့သို့ပင် တရားဥပဒေ စိုးမိုးမှု လျော့ပါးသည်ကို အခွင့်ကောင်းယူ၍ ပေါ်ပေါက်လာနိုင်မည့် ဖြစ်စဉ်များအပေါ် စနစ်တကျ တုံ့ပြန်ကာကွယ်ခြင်း၊ ဟန့်တားနှိမ်နင်းခြင်းများ ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရေးမှာ အရေးကြီးနေပြီ ဖြစ်သည်။

ထို့ပြင် မူးယစ်ဆေးဝါး ပြဿနာ၏ အန္တရာယ်မှာ သတိပြုစရာ အနေအထားပင်ဖြစ်သည်။ သုံးစွဲမှုများတွင် ဆယ်ကျော်သက်အရွယ် အများအပြား ပါဝင်နေခြင်း၊ လူငယ်များအကြား ပျံ့နှံ့နေသည့် အနေအထားများအရ ဖြန့်ဖြူးရောင်းချသူများအား ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်ရေးမှာ ပိုမိုလိုအပ်လာပြီ ဖြစ်သည်။ တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ ခုနစ်လတာ ကာလအတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးအမှု ၈၅၆ မှု ဖမ်းမိခဲ့ပြီး စိတ်ကြွဆေးပြား အများဆုံး ဖမ်းမိထားသည့် အခြေအနေ ဖြစ်သည်။ ဘိန်း၊ ဆေးခြောက်၊ ဘိန်းစာမှုန့်၊ ဘိန်းဆီခဲ၊ ICE၊ စိတ်ကြွရူး သွပ်ဆေးပြား၊ မော်ဖင်း၊ ဗျူပရီနော်ဖင်း၊ ဘိန်းညိုမှုန့်၊ ဒိုင်ယာစီပင်ထိုးဆေး စသည်ဖြင့် ဖမ်းဆီးရမိမှုများအား ထုတ်ပြန်ထားခြင်း ဖြစ်သည်။

သို့ပါ၍ လူသားအရင်းအမြစ်များ မဆုံးရှုံးစေရေး အပါအ၀င် နိုင်ငံနှင့် လူထုအတွက် အန္တရာယ်ပေးနေသည့် မူးယစ်ဆေးဝါး ပြဿနာအား ထိရောက်စွာ ကိုင်တွယ်နိုင်ရန် တရားဥပဒေ စိုးမိုးမှုရှိရေးက အဓိကကျပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(သြဂုတ် ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

No comments: