Friday, August 12, 2016

ရန်ကုန်မြို့သစ်စီမံကိန်း မည်သို့ဆက်လက် လုပ်ဆောင်မည်ကို သေချာမသိရသဖြင့် စီမံကိန်းဧရိယာရှိ လယ်သမားများ၏ လယ်မြေအများစု ပေါင်နှံထားရပြီး အချို့လယ်မြေများ အပေါင်ဆုံးသွားပြီဟု သိရ

ရန်ကုန်မြို့သစ်စီမံကိန်း မည်သို့ဆက်လက် လုပ်ဆောင်မည်ကို သေချာမသိရသေးဖြင့် စီမံကိန်းဧရိယာ အတွင်းရှိ လယ်သမားများ စားဝတ်နေရေး ကျပ်တည်းကာ လယ်မြေများကို ပေါင်ထားရပြီး အချို့လယ်မြေများ အပေါင်ဆုံးသွားပြီဖြစ်ကြောင်း အဆိုပါနေရာမှ ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

ယခင်အစိုးရလက်ထက် သက်တမ်းမကုန်ဆုံးမီ လပိုင်းအလိုက ခွင့်ပြုခဲ့သည့် ရန်ကုန်မြို့သစ် စီမံကိန်းသည် မည်သို့ဆက်လက် လုပ်ဆောင်မည်ကို ဒေသခံများအနေဖြင့် အတိအကျ မသိရကြောင်း၊ သို့ဖြစ်၍ စီမံကိန်း ဧရိယာရှိ လယ်မြေများလည်း အရောင်းအ၀ယ် လုံးဝမရှိတော့ဘဲ လယ်သမားများလည်း စီးပွားရေး ကျပ်တည်းနေသဖြင့် လယ်မြေများကို ပေါင်နှံကာ စားဝတ်နေရေး ဖြေရှင်းနေရကြောင်း ဒေသခံ ဦးခင်မောင်သန့်က ပြောကြားသည်။

“ရန်ကုန်မြို့သစ်စီမံကိန်းက ဘာမှန်းသေချာ မသိရဘူး။ ဘာမှန်းမသိရတော့ လယ်မြေတွေကိုလည်း ၀ယ်တဲ့သူ မရှိတော့ဘူး။ အဲဒီမှာ လယ်သမားတွေကို မင်းတို့လယ်တွေ အပေါင်ခံမလား။ ပေါင်ပေးမယ်။ တစ်ဧကကို  ၅၀ ပေးမယ်ဆိုပြီး ငွေရှင်ကြေးရှင်တွေ ပေါ်လာတယ်။ လယ်တွေက တဖြည်းဖြည်း ဆုံးသွားတယ်။ အခု ခြောက်လ အတွင်းမှာ လယ်တွေ တဖြည်းဖြည်းနဲ့ ဆုံးကုန်ပြီ” ဟု ဦးခင်မောင်သန့်က ပြောကြားသည်။

အဆိုပါ လယ်မြေများကို တစ်ဧကလျှင် သိန်း ၅၀ ဖြင့် အတိုးနှုန်း ငါးကျပ်ချေးကာ ခြောက်လမရွေးလျှင် အဆုံးဖြင့် ငွေရှင်ကြေးရှင်များက အပေါင်ခံနေခြင်း ဖြစ်ကြောင်း ဦးခင်မောင်သန့်က ဆက်လက် ပြောကြားသည်။

“စီမံကိန်းဧရိယာထဲက ပေါင်ထားတယ်။ အတိုးကလည်းကြီးတယ်။ ခြောက်လမရွေးရင် အဆုံးလို့ စာချုပ်ထဲမှာ ရေးထားတယ်။ ပေါင်တဲ့လယ်သမားကလည်း သူဌေးကလည်း ဘယ်သူမှန်းမသိဘူး။ ပွဲစားတွေကနေ တစ်ဆင့်လာတာပါ။ မရွေးနိုင်ရင် တစ်ဧကကို ၁၆၀ ဈေးနဲ့ ဖြတ်ပြီးရောင်းတယ်။ ဈေးတွေက အရမ်းကျသွားတယ်။ ၀ယ်မယ့်သူတောင် မရှိဘူး။ ၀ယ်သူမရှိလို့ ပေါင်ကြတာ” ဟု ရန်ကုန် အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ တွံတေးမြို့နယ်မှ ဒေသခံလယ်သမား ဦးခင်မောင်ရင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ရန်ကုန်မြို့သစ် စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်များ ရှိသည်ဟု ဆိုသော်လည်း ယခုအထိ မည်သို့မှန်းမသိသဖြင့် ဒေသခံလယ်သမားများ အနေဖြင့် အခက်အခဲများစွာ ဖြစ်နေသည်ဟု ဒေသခံများက ပြောကြားသည်။

အဆိုပါ စီမံကိန်း မြေနေရာတွင် ကြည်မြင့်တိုင် တစ်ဖက်ကမ်း တွံတေးမြို့နယ်ရှိ လယ်မြေများ ပါဝင်ပြီး ဧက သုံးသောင်းခန့် ရှိကြောင်း သိရသည်။

 

Writer: 

ကျော်ထင်

No comments: