Tuesday, March 8, 2016

တောင်ကုတ်တွင် သိန်းနှစ်သောင်းတန်ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ ---- ---- ----

တောင်ကုတ်တွင် သိန်းနှစ်သောင်းတန်ဖိုးရှိ စိတ်ကြွဆေးများဖမ်းမိ ---- ---- ---- ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အတွင်းတွင် ငွေကျပ် သိန်းနှစ်သောင်းနီးပါး တန်ဖိုးရှိ သည့် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တောင်ကုတ်မြို့နယ်မှူး ဦးကိုကိုဦးက မတ်လ ၈ ရက်တွင် The Ladies သို့ပြောသည်။ တောင်ကုတ်မြို့နယ် “မအီ”စုပေါင်း စစ်ဆေးရေးဂိတ်တွင် ငွေကျပ် သိန်းနှစ်သောင်းနီးပါး တန်ဖိုးရှိသည့် WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး အပြားလေးသောင်းခွဲကို မတ်လ ၇ ရက်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ ယာဉ်မောင်း သိန်းကျော် ဆိုသူ မောင်းနှင်လာသည့် Hyundai အမျိုးအစား အိမ်စီးကားကို စစ်ဆေးရာမှ စိတ်ကြွမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် အ၀ါရောင် စက္ကူပါကင်ဖြင့် ထုတ်ထားပြီး ယာဉ်နောက် အံဝှက်ထဲထည့်ထားသည့် စိတ်ကြွ မူးယစ်ဆေးဝါးဟု ယူဆရသည့် ဆေးပြား ၄၅ ထုပ်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ် အမ်းမြို့နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ဦးသိန်းကျော်နှင့် မော်တော်ယာဉ်ပေါ်တွင် ပါလာသည့် အမျိုးသမီး ဒေါ်သန္တာဦးတို့ ၂ ဦးကို မအီရဲစခန်းက အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ တောင်ကုတ်မြို့နယ် အတွင်းတွင် ယခင်က မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ရှိခဲ့သော်လည်း သမိုင်းတစ်လျှောက်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ ယခုတစ်ကြိမ် အများဆုံးဖြစ်ကြောင်း သိရသည်။ သတင်း - ဇော်မင်းထွန်း The Ladies News

No comments: