အငှားအိမ်ရာတိုက်ခန်းရရှိသူများ အခန်းဖလှယ်နေထိုင်ခွင့်မပြု
----------------------------
မန္တလေး၊ မတ် - ၁၃
အငှားအိမ်ရာတိုက်ခန်း မဲပေါက်သူများကြား တိုက်ခန်းများ လဲလှယ်နေထိုင် မည်ဟု သတင်းများထွက်ပေါ်လျက်ရှိရာ ယင်းကဲ့သို့ လဲလှယ်နေထိုင်ခြင်းကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်တင်က ပြောကြားသည်။
“စည်းကမ်းချက်ထဲမှာလည်း ပါပြီးသားပါ။ ဒါမျိုး နေလို့မရဘူး။ ကိုယ်မဲပေါက်တဲ့အခန်းမှာပဲ နေရမယ်”ဟု ၄င်းက ဆိုသည်။
အဆိုပါ အငှားအိမ်ရာစီမံကိန်းတွင် နှင်းဆီအိမ်ရာနှင့် စံပယ်အိမ်ရာဟူ၍ပါဝင်ပြီး တိုက်အလုံးပေါင်း ၂၂ လုံး၊ အခန်းပေါင်း ၁၅၈၄ ခန်းပါဝင်ကာ တိုက်ခန်းမဲပေါက်သူများတွင် မိမိတို့ လက်ရှိနေထိုင်သည့်နေရာနှင့်ဝေးကွာသဖြင့် အချင်းချင်း လဲလှယ်နေထိုင်လိုကြကြောင်း မဲပေါက်သူများထံမှ သိရသည်။
“ကျွန်တော်တို့က ဈေးရောင်းနေတာ။ အခုကျတဲ့ဘက်က ဟိုဘက် စံပယ်၊ လက်ရှိနေတဲ့နေ ရာနဲ့က အဝေးကြီး၊ အဲဒါစံပယ်နားမှာ နေတဲ့သူတစ်ယောက်က နှင်းဆီဘက်မှာ အခန်းရတယ်။ အဲဒါ သူနဲ့ အခန်းချင်းလဲဖို့ ပြောတော့ သူကလည်း သဘောတူတယ်”ဟု မြစ်ကမ်းဘေးတွင် ကုန်စုံဆိုင်ငယ်ဖွင့်လှစ်ထားသည့် ဦးစောထွန်းက ပြောဆိုသည်။
အချို့မှာ သက်ကြီးရွယ်အိုများရှိသဖြင့် အပေါ်ဆုံး ၆ ထပ်တွင် အခန်းရရှိသည့်သူများအတွက် အဆင်မပြေဖြစ်ပြီး တစ်လကျပ်သုံးသောင်းဖြင့် ငှားရမ်းပေးထားသော်လည်း မိသားစု သုံးဦးခန့်သာနေထိုင်ရန် အဆင်ပြေပြီး အိပ်ခန်းတစ်ခန်း၊ ရေချိုးခန်းနှင့် အိမ်သာတွဲလျက်တစ်ခန်း စုစုပေါင်းနှစ်ခန်းသာ ပါဝင်ကြောင်း အခန်းရရှိမည့်သူများ ထံမှ သိရသည်။
ယင်းအငှားအိမ်ရာတိုက်ခန်း လျှောက်ထားသူ ၁၈ဝဝ ဦးခန့်အနက် သတ်မှတ်ချက်နှင့်ကိုက်ညီသူ ၁၂ဝ၆ ဦးကို မဲနှိုက်ခွင့်ပေးခဲ့ပြီး တစ်လလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ဧပြီလ အတွင်း နေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, March 14, 2016
အငှားအိမ်ရာတိုက်ခန်းရရှိသူများ အခန်းဖလှယ်နေထိုင်ခွင့်မပြု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment