Friday, December 25, 2015

ဘင်္ဂါလီများကိုပြည်ပသို့ လေယာဉ်ဖြင့်ပို့ဆောင်နေသော အဖွဲ့ကို စုံစမ်းဖော်ထုတ်

ဘင်္ဂါလီများကိုပြည်ပသို့  လေယာဉ်ဖြင့်ပို့ဆောင်နေသော အဖွဲ့ကို စုံစမ်းဖော်ထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများမှ ဘင်္ဂါလီလူမျိုးများကို နိုင်ငံကူးလက်မှတ်များ လိမ်လည်အတုပြုလုပ်ပေးပြီး လေကြောင်းခရီးစဉ်ဖြင့် ပြည်ပသို့ပို့ဆောင်နေသောအဖွဲ့ကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် စုံစမ်းဆောင်ရွက်နေကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒီဇင်ဘာလ ၂၂ ရက် ညနေ ၅ နာရီက မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော ဘင်္ဂါလီလူမျိုးအမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့ပြီး  ဆက်လက်စစ်ဆေးခဲ့ရာမှ ဘင်္ဂါလီနှစ်ဦးကို မြန်မာနိုင်ငံကူးလက်မှတ်များရရှိရန် အခကြေးငွေဖြင့်ဆောင်ရွက်ပေးခဲ့သော အမျိုးသမီးနှစ်ဦးအပါအဝင် ငါးဦးကိုဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) သတင်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ စုံစမ်း သိရှိရသည်။

“ဘင်္ဂါလီတွေကို ပြည်ပပို့ရန် စီစဉ်ပေးနေသူတွေကို စစ်ဆေးတော့ ယခင်က သူတို့အဖွဲ့ ပြည်ပကို ဘင်္ဂါလီတွေ လေကြောင်းခရီးစဉ်နဲ့ ပို့ဆောင်ခဲ့ဖူးတယ်ဆိုတာ သိရှိခဲ့ရတယ်၊ ဒါကြောင့် ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့သူတွေ အားလုံးကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်အောင် အပူတပြင်း စုံစမ်းနေတယ် ” ဟု ယင်းသတင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

လေဆိပ်တွင် ဖမ်းမိခဲ့သော  ဘင်္ဂါလီအမျိုးသားနှစ်ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ စံကားတောင်ရှိ ဒုက္ခသည်စခန်းတွင်နေထိုင်သော ညီအစ်ကိုဝမ်းကွဲတော်စပ်သူများဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်လကျော်က ၎င်းတို့အပါအဝင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၂၀ အရွယ်ရှိ အမျိုးသား နှစ်ဦးတို့နှင့်အတူ ရခိုင်ပြည်နယ်မှ နေပြည်တော်သို့  ခိုးဝင်ရောက်ရန် မော်တော်ယာဉ်ဖြင့် လာရောက်ခဲ့ပြီး ၎င်းတို့ကိုခေါ်ဆောင်ခဲ့သူ အမျိုးသားကို တစ်ဦးလျှင် ကျပ် ၁၅ သိန်းစီ ပေးခဲ့ရကြောင်း စစ်ဆေးချက်များအရ သိရှိရသည်။

ယင်းနောက် နေပြည်တော်သို့ရောက်ရှိချိန် ခြံဝင်းကျယ်တစ်ခုရှိ တစ်ထပ်တိုက် အဆောက်အအုံတစ်ခုတွင် ၎င်းတို့အဖွဲ့လေးရက်ကြာနေထိုင်ခဲ့ပြီး အတူပါလာသည့် အမျိုးသမီးကို ဘန်ကောက်သို့ ပို့ဆောင်ရန်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ကို တစ်ဦးလျှင် ငွေကျပ် ၁၃ သိန်းစီ ထပ်မံတောင်းယူခဲ့ပြီး ရန်ကုန်မှ မလေးရှားသို့ပို့ဆောင်ရန် မော်တော်ယာဉ်ဖြင့် ရန်ကုန်သို့ ထပ်မံ ခေါ်ဆောင်လာခဲ့ကြောင်း ရန်ကုန်သတင်းရဲတပ်ဖွဲ့ထံမှ အရာရှိတစ်ဦးက ပြောကြားသည်။

“သူတို့အဖွဲ့ ငါးယောက်မှာ သုံးယောက်က ဘန်ကောက်ကို ထွက်သွားပြီ၊ သူတို့နှစ်ယောက်ကို မလေးရှား ထွက်မယ့် အချိန်မှာ ဖမ်းမိခဲ့တာပါ၊ သူတို့ကို လိုက်လံပို့ဆောင်ပေးသူ အမျိုးသားကို စစ်ဆေးကြည့်တော့ မလေးရှားကို အရင်က ဘင်္ဂါလီနဲ့ ဘားအံဘက်က အလုပ်သွားလုပ်ချင်သူတွေကို ပို့ပေးဖူးတယ်လို့ ပြောတယ်၊ အခြားပါတဲ့သူတွေလည်း ဖမ်းမိဖို့ ဆက်လက်စုံစမ်းနေပါတယ်”ဟု  ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်သို့ ခိုးဝင်ရောက်လာသည့် ဘင်္ဂလီများကို ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် မြတ်လေးနွယ် ၂ လမ်းတွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ်ရှိ ဒေါ်ရှော်မီမာ၏နေအိမ်တွင် ဝှက်ထားပြီး ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် မင်းရဲကျော်စွာ ၂ လမ်းတွင် နေထိုင်သူ အသက် ၃၀ အရွယ်ရှိ ဦးသန့်ဇင်ဦး(ခ) ဟာစန်းအပါအဝင် သုံးဦးတို့က နိုင်ငံကူးလက်မှတ်များရရှိရန် လိမ်လည်လျှောက်ထားကာ ပြည်ပသို့ပို့ဆောင်ရန် စီစဉ်ခဲ့ကြောင်း ဒေါပုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ရန်ကုန်လေဆိပ်မှာ ကျပန်းလုပ်တဲ့အမျိုးသားတစ်ဦးကို သန့်ဇင်ဦးက ပြည်ပပို့မယ့်သူတွေရဲ့နိုင်ငံကူးလက်မှတ်နဲ့ လေယာဉ်လက်မှတ်တွေ ပေးအပ်ပြီး လေဆိပ်မှာရှိတဲ့ လဝက ကောင်တာဝင်တဲ့အထိ လိုက်လံပို့ဆောင်ခိုင်းတယ်၊ ပို့ဆောင်ခတစ်ယောက်ကို သုံးထောင်ကျပ်ပေးတယ်လို့ သိရတယ်၊ ဒီအမျိုးသားရဲ့ ထွက်ဆိုချက်အရ သန့်ဇင်ဦးတို့အဖွဲ့က သူ့ကို ယခင်လေးငါးကြိမ်လောက် ငွေပေးပြီး ဘင်္ဂါလီတွေကို လေဆိပ်ထဲကို ပို့ခိုင်းခဲ့တယ်” ဟု အမှတ်(၂) သတင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ယင်းဖမ်းဆီးရမိခဲ့သည့် ဘဂါင်္လီနှစ်ဦးနှင့် ပါဝင်ပတ်သက်ဆက်နွှယ်သူများကို ဒေါပုံမြို့မ ရဲစခန်းတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က (ပ) ၃၄၉/ ၁၅၊ ပုဒ်မ ၃၆၅/၃၇၀/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

No comments: