သေဒဏ်ချမှတ် ခံထားရသည့် မြန်မာနှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ထိုင်းသံရုံးရှေ့၌ ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီတွင် ထပ်မံ ဆန္ဒဖော်ထုတ်ရန် အွန်လိုင်းတွင် လှုံ့ဆော်မှုများ ပြုလုပ်
ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးအား ထိုင်းစစ်အစိုးရ အနေဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီတွင် ထပ်မံ ဆန္ဒဖော်ထုတ်ရန် အွန်လိုင်းပေါ်၌ လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိပါသည်။
မြန်မာပြည်သူများ အနေဖြင့် မြန်မာအလုပ်သမား နှစ်ဦးအား ထိုင်းအစိုးရမှ သေဒဏ်ချမှတ်ကို လုံးဝလက်မခံကြောင်းနှင့် အစိုးရ အနေဖြင့်လည်း မိမိတို့၏ နိုင်ငံသားများ မတရားခံနေရသည်ကို လက်ပိုက် ကြည့်မနေရန်နှင့် တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားရန် အွန်လိုင်း၌ တောင်းဆိုမှုများ ပြုလုပ်နေပါသည်။
ထို့အတူ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းတွင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ခဲ့ကြပြီး “Free Zaw Lin and Win Zaw Tun, We request Thailand Government free Myanmar two Citizens” ဟု ကြွေးကြော်မှုများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
“ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို အမှုကွင်းလုံးကျွတ် လွတ်မယ်လို့ ထင်ထားတာ။ ကျွန်တော် မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ပြီးတော့ ဒီသေဒဏ် ဆိုတဲ့ဟာကြီး။ ကျွန်တော်တို့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ရက်ရက်စက်စက် သတ်မယ့်အရေးကိစ္စကို ကျွန်တော်တို့ ပြည်သူတွေက ငြိမ်ခံနေရမှာလား။ ကျွန်တော်တို့ တတ်နိုင်တဲ့ အလုပ်ကို ကျွန်တော်တို့ လုပ်ရမယ်။ အစိုးရကလည်း တာဝန်ရှိသူအနေနဲ့ တာဝန်ရှိသလောက်ကို ဆောင်ရွက်ပေးစေချင်ပါတယ်။ အခုလုပ်ရပ်ဟာ ကျွန်တော်တို့ အစိုးရနဲ့ ပြည်သူကို စော်ကားလိုက်တာပဲ။ ဘယ်တော့ ကြည့်ကြည့် ကျွန်တော်တို့ နိုင်ငံသားတွေက အမြဲခံဘက်ကြီးပဲ ဖြစ်နေတယ်။ ဒါမျိုးကို ကျွန်တော်တို့ ငြိမ်ခံနေမယ်ဆိုရင် နောက်ထပ် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဒုက္ခပေးခံနေရဦးမှာပါ” ဟု ဆန္ဒပြသည့် အဖွဲ့အား ဦးဆောင်ခဲ့သည့် ကိုနောင်တော်လေးက ပြောကြားပါသည်။
“ကျွန်တော်တို့ အမျိုးသားရေး သမားတွေပါ။ ကျွန်တော်တို့ တိုင်းရင်းသား နိုင်ငံသား အတွက်ကို လာရောက်ပြီးတော့ အဖွဲ့အစည်း တွေကတော့ အမျိုးမျိုးပါတာပေါ့။ ပါတီအဖွဲ့အစည်း အခြားအဖွဲ့အစည်း အချို့ရယ် ပါမယ်။ ကျွန်တော်တို့ တိုင်းရင်းသား လူငယ်လေးတွေ လွတ်မြောက်ဖို့ အတွက်ကို လာရောက်ပြီးတော့ လုပ်တာပါ။ နောက်ပြီးတော့ ဒီကလေးတွေကလည်း စွပ်စွဲခံရတဲ့ အဆင့်ကနေပြီးတော့ မတရားခံရတယ်လို့ ကျွန်တော်တို့ အနေနဲ့ ယူဆတယ်။ သူတို့အမှုမှာ စစ်ရမယ့် လူတွေရှိတယ်။ အဲဒါတွေကို ဆက်လက်မစစ်ဆေးဘူး။ စစ်တာလည်း ကွဲလွဲနေတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ အမျိုးသားရေး လှုပ်ရှားသူ ကိုရဲစိုးအောင်က ပြောကြားသည်။
လိပ်ကျွန်းလူသတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးကို လူသတ်မှု၊ မှုဒိမ်းမှု အပါအ၀င် ပုဒ်မခုနစ်ခုဖြင့် ထိုင်းအစိုးရမှ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။
(Photo : AFP)
No comments:
Post a Comment