ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဘာစီလိုနာ တတိယအကြိမ်ဗိုလ်စွဲ
----------------------------------------------------------------------------------------------
ယိုကိုဟားမား၊ ဒီဇင်ဘာ ၂၀
ဘာစီလိုနာအသင်းသည် ဂျပန်နိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း Reuters က ဖော်ပြထားသည်။
ချန်ပီယံလိဂ်ချန်ပီယံ စပိန်လာလီဂါကလပ် ဘာစီလိုနာနှင့် ကိုပါလီဘာတာဒိုးစ်ဖလားချန်ပီယံ အာဂျင်တီးနားက လပ် ရေးဗားပလိတ်တို့သည် ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်မှနေ၍ စတင်ကစားခဲ့ကြ ရခြင်းဖြစ်ကာ ဆီမီးဖိုင်နယ်အဆင့်၌ ဘာစီလိုနာက အာရှချန်ပီယံလိဂ်ချန်ပီယံ တရုတ်ကလပ် ဂွမ်ဇူးအဲဗားဂရန်ဒီ ကို သုံးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရေဗားပလိတ်က အိမ်ရှင် ဂျပန်အဆင့်မြင့်တန်းအမှတ်ပေးချန်ပီယံကလပ် ဆန်ဖရက်စီဟီရိုရှီးမားကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရယူပြီး ဗိုလ်လုပွဲသို့ တက်လှမ်းရောက် ရှိလာခဲ့ကြခြင်းဖြစ်သည်။
ဘာစီလိုနာသည် ရေးဗားပလိတ်နှင့်ဗိုလ်လုပွဲတွင် ဆီမီးဖိုင်နယ်အဆင့်၌ ကျန်းမာရေးနှင့် ဒဏ်ရာပြဿနာများ ကြောင့် အနားပေးထားခဲ့ရသော မက်ဆီနှင့်နေမာတို့ကို ပွဲထွက်လူစာရင်း၌ ပြန်လည်ထည့်သွင်း၍ မက်ဆီ၊ ဆွာ ရက်ဇ်၊ နေမာတိုက်စစ်အတွဲကို ၄-၃-၃ ကစားကွက်ဖြင့် အကောင်အထည်ဖော်ခဲ့ကာ ရေးဗားပလိတ်ကလည်း ဘာ စီလိုနာနည်းတူ ၄-၃-၃ ကစားကွက်ဖြင့်ပင် တုံ့ပြန်ရင်ဆိုင်သွားခဲ့သည်ကို မြင်တွေ့ကြရသည်။
ဘာစီလိုနာသည် ပွဲကစားချိန် ၃၆ မိနစ်တွင် မက်ဆီ၏အဆုံးသတ်သေချာမှုဖြင့် အဖွင့်ဂိုးစတင်ရရှိခဲ့ကာ ယင်းဂိုး ကို ရေးဗားပလိတ်ကစားသမားသုံးဦး ပိတ်ဆို့ဟန့်တားနေသည့်ကြားမှနေ၍ မက်ဆီက သွင်းယူသွားခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် ၂၀၁၅ ခုနှစ်အတွင်း၌ အဓိကပြိုင်ပွဲကြီးခုနစ်ရပ်တွင် ဂိုးသွင်းယူရရှိခဲ့သူအဖြစ် စံချိန်တင်ရှိသွားခဲ့ပြီ ဖြစ်ကာ မက်ဆီ ဂိုးသွင်းယူရရှိခဲ့သည့်ပြိုင်ပွဲများမှာ စပိန်လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလား၊ ဥရောပစူပါ ဖလား၊ ချန်ပီယံလိဂ်၊ ကိုပါအမေရိကဖလားနှင့် ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတို့ဖြစ်ကြောင်း မြင်တွေ့ကြရသည်။
ဘာစီလိုနာအတွက် အခြားသောအနိုင်ဂိုးနှစ်ဂိုးကို ဆွာရက်ဇ်က ပွဲကစားချိန် ၄၉ မိနစ်နှင့် ၆၈ မိနစ်တို့တွင် ဆက် လက်သွင်းယူပေးခဲ့ခြင်းဖြစ်ကာ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဘာစီလိုနာအတွက် ဆွာရက်ဇ်ရယူပေးခဲ့ သည့် ဂိုးအရေအတွက်စုစုပေါင်းမှာ ငါးဂိုးအထိရှိခဲ့ကြောင်း တွေ့ရှိကြရသည်။
ဘာစီလိုနာသည် အသင်းသမိုင်းကြောင်းဖြတ်သန်းမှု၌ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ဆုဖလားကို တတိယအကြိမ် မြောက်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ယင်းသို့သုံးကြိမ်ဗိုလ်စွဲရာ၌ မက်ဆီ၊ ပီကေး၊ ဘတ်စ်ကွက်စ်၊ အင်နီယေစတာနှင့် အဲလ်ဗက်စ်တို့မှာ ဘာစီလိုနာကိုကိုယ်စားပြု၍ သုံးကြိမ်လုံးပါဝင်ခွင့်ရရှိခဲ့ကြသူများဖြစ်သည်။
ဘာစီလိုနာသည် ၂၀၁၅ ခုနှစ်အတွင်း၌ စပိန်လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ဖီ ဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် ဗိုလ်စွဲခဲ့ပြီး ပွဲအပြီးတွင် အကောင်းဆုံးကစားသမားဆုများကို ချီးမြှင့်ရာ၌လည်း ရွှေဘောလုံးဆုကို ဆွာရက်ဇ်ကလည်းကောင်း၊ ငွေဘောလုံးဆုကို မက်ဆီကလည်းကောင်း၊ ကြေးဘော လုံးဆုကို အင်နီယေစတာကလည်းကောင်း ဘာစီလိုနာတစ်သင်းတည်းက ဆွတ်ခူးရရှိသွားခဲ့သည်။
ဘာစီလိုနာနှင့်ရေးဗားပလိတ်တို့ပွဲစဉ်မတိုင်မီတွင်ယှဉ်ပြိုင်ခဲ့သော တတိယနေရာလုပွဲ၌ အိမ်ရှင် ဂျပန်အဆင့်မြင့် တန်းအမှတ်ပေးချန်ပီယံကလပ် ဆန်ဖရက်စီဟီရိုရှီးမားက အာရှချန်ပီယံလိဂ်ချန်ပီယံ တရုတ်ကလပ် ဂွမ်ဇူးအဲဗား ဂရန်ဒီကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည်။
No comments:
Post a Comment