Friday, December 25, 2015

သမီးရည်းစားစုံတွဲများအား ခြိမ်းခြောက်လုယက် သူများကို ဖော်ထုတ် ဖမ်းဆီးရမိ ▄▄▄▄▄▄▄▄▄▄▄▄

သမီးရည်းစားစုံတွဲများအား ခြိမ်းခြောက်လုယက် သူများကို ဖော်ထုတ် ဖမ်းဆီးရမိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

ရန်ကုန် ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီခန့်တွင် ခိုးမှု၊ လုယက်မှု ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လှိုင်သာယာမြို့နယ်အတွင်း စုံစမ်းဆောင်ရွက်စဉ် လုယက်မှုများကျူးလွန် ထားကြောင်း မသင်္ကာသတင်းရရှိထားသော လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် တိုင်းကျော်(ခ)မိုးထိ (၁၈)နှစ်၊ ကျော်ဇေယျ(ခ)ရွှေငါး (၁၈)နှစ်၊ နေလင်းထိုက်(ခ)ကုလားကြီး(၁၈)နှစ်နှင့် ရဲဝင်းအောင်(ခ)အငယ် ကောင်(၁၈)နှစ်တို့ လေးဦးအား လှိုင်သာယာမြို့နယ် (၅)ရပ်ကွက် ဒဂုံ ရွှေမျှားလမ်းပေါ်တွင် ဓားဦးချွန် နှစ်ချောင်း၊ သုံးမြှောင့်စကေဘာ တစ်ချောင်းတို့နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

ထိုသို့ဖမ်းဆီးရမိစဉ် ၄င်းတို့ထံမှ HUAWEI G-610 နှင့် Honor လက်ကိုင်ဖုန်းနှစ်လုံးတို့အား တွေ့ရှိ သဖြင့် စစ်မေးရာ ၄င်းတို့လေးဦးသည် ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီခန့်က လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှု ဇုန်လမ်းပေါ်တွင် ထိုင်နေသော သမီး ရည်းစားစုံတွဲနှစ်တွဲအား စကေဘာ၊ ဓားဦးချွန်များဖြင့် ခြိမ်းခြောက်လုယူ ခဲ့သောဖုန်းများဖြစ်ကြောင်း သိရသည်။

အခြားခိုးမှု၊ လုယက်မှုများကျူးလွန် ထားခြင်းရှိ၊ မရှိ ၄င်းတို့အား ဆက်လက် စစ်ဆေးရာ ၄င်းတို့လေးဦးသည် ကျော်မင်းစိုး(ခ) အရှည်ကြီး (စုံစမ်း ဆဲ)၊ ဘဂျမ်း(စုံစမ်းဆဲ)တို့နှင့်အတူ နိုဝင်ဘာလအတွင်းက ညအချိန်များတွင် လှိုင်သာယာမြို့နယ်အတွင်း၌ သမီးရည်းစားစုံတွဲသုံးတွဲထံမှ SAMSUNG အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ HUAWEI G-730 အမျိုးအစား လက်ကိုင် ဖုန်းနှစ်လုံးကိုလည်းကောင်း၊ ဒီဇင်ဘာ လအတွင်းက ညအချိန်များတွင် လှိုင်သာယာမြို့နယ်အတွင်း၌ သမီး ရည်းစားစုံတွဲနှစ်တွဲထံမှ HUAWEI G-730 အမျိုးအစား လက်ကိုင် ဖုန်းနှင့် SAMSUNG GALAXY Note 3 အမျိုးအစားလက်ကိုင်ဖုန်းတို့ကိုလည်းကောင်း၊ လှိုင်သာယာ မြို့နယ် စက်မှုဇုန်(၂) အားကစားကွင်း ရှေ့လမ်းမပေါ်တွင် ထိုင်နေသော သမီးရည်းစားစုံတွဲထံမှ ရွှေဆွဲကြိုး၊ နားကပ်၊ လက်စွပ်နှင့် HONOR အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း စကေဘာ၊ ဓားဦးချွန်များဖြင့် ခြိမ်းခြောက်ကာ လုယက်ယူဆောင် ခဲ့ကြပြီး ရောင်းချထားကြောင်း ထပ်မံ သိရှိရသည်။

ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်သေခံပစ္စည်းများအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး ၄င်းတို့အား လှိုင်သာယာမြို့မရဲစခန်းက အမှုများ ဖွင့်လှစ်အရေးယူကာ ကျော်မင်းစိုး(ခ)အရှည်ကြီးနှင့် ဘဂျမ်းတို့အား ဖမ်းဆီး ရမိရေး ဆက်လက်စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments: